Thursday, June 13, 2013

စုံစမ်းရေး ကော်မရှင် ကိုယ်တိုင်၌ ဘက်လိုက်နေဟု မြေပိုင်ရှင်များကဆို

ဖြူဖြူကို

မွန်ပြည်နယ် ရေးမြို့နယ်တွင် တာဝန်ကျနေသော မြေသိမ်းဆည်းခြင်း ဆိုင်ရာ လုပ်ငန်းစုံစမ်း စီစစ်ရေး ကော်မရှင်မှ ပြည်ထောင်စု ကြံ့ခိုင်ရေး အမတ်သည် စစ်တပ်ဖက် မျက်နှာလိုက်ပြီး မြေရှင်များအား ဖိအားပေးခဲ့သည့် အတွက် ကော်မီရှင် အဖွဲ့ဝင်များ အချင်းချင်း အမြင်ကွဲကြရာက တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ရကြောင်း ၄င်းစစ်ဆေးမှုကို သွားရောက် နားထောင် ခဲ့သည့် ရေးမြို့မှ မြေသိမ်း ခံရသည့် တောင်သူတစ်ဦးမှ ဆိုပါသည်။

“ အဲဒီ စစ်ဆေးမှုမှာ အဖွဲ့ ခေါင်းဆောင်က ရေးမြို့နယ်အမတ်ကို စစ်ဆေးခွင့် မပေးဘူး၊ ရေးမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်မိမြင့်မြင့်သန်း ကတော့ မြေသိမ်းဆည်းထားတာကို ပြန်ပေး သင့်တယ် ၊ပြည်သူ့ဘက်ကိုမှ မရပ်တည်ဘူးဆိုရင် ဘာဖြစ်လို့ ကိုယ်စားလှယ် လုပ်သေးလဲ ဆိုတဲ့ အထိ စကား အချေအတင် ဖြစ်ကြတယ်” ဟုဆိုပါသည်။

ကော်မီရှင်သည် ယမာန်နေ့တွင် ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် အခြေစိုက်သော ခမရ (၅၈၆) ၏ သိမ်းဆည်း မြေများကို သွားရောက် စစ်ဆေးစဉ် ယခုကဲ့သို့ အငြင်းပွားခဲ့ ကြခြင်း ဖြစ်ပါသည်။ ဒေသခံ ခြံရှင် များ၏ ပြုစု ထားသည့် စာရင်း အရ ခမရ (၅၈၆) မှ မြေဧကပေါင်း (၄၃၀) နှင့် ရော်ဘာ အပင်ပေါင်း (၅၄၁၀၀) ရှိသော်လည်း စစ်တပ်မှ တင်ပြ သည်မှာ (၃၄၁.၃) ဧကသာ ရှိကြောင်း ခမရ (၅၈၆) မှဗိုလ်မှူး ကောင်းကျော်က စစ်ဆေး ပွဲတွင် တင်ပြခဲ့ပါသည်။

စစ်ဆေးရာတွင်လည်း မြေအသိမ်းခံ ရသည့် ဒေသခံများအား ပွင့်လင်းမြင်သာရန် စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ အဖွဲ့ ငယ်လေးများ ခွဲပြီး ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ထို့အပြင် သတင်းမီဒီယာ များအားလည်း သတင်း ယူခွင့် မပေးခဲ့ကြောင်း ခြံရှင် တစ်ဦးက ဆိုပါသည်။

“ မနေ့က ခြံရှင် အယောက် (၂၀၀) လောက်ကို ခေါ်ထားပေမဲ့ အယောက် (၃၀) လောက်ပဲ စစ်တယ်။ စစ်ပုံကလည်း တစ်ဖွဲ့ (၅) ယောက်စီ ခန်းမထဲကို ခေါ်တယ်။ ပြီးတော့ မြေသိမ်းတဲ့ စစ်တပ် ကိုယ်စားလှယ်ရှေ့မှာ စစ်တော့ ကြောက်နေကြတယ်။ စစ်တပ် ကိုယ်စားလှယ်ကလည်း ဒီမြေကနေ မောင်းထုတ်ပစ်မယ်လို့ ပြောနေတော့ မြေရှင် တွေက ဘာမှ ပြန်မပြောရဲဘူးလေ။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်တွေကလည်း စစ်တပ်က လုံခြုံရေး အတွက် သိမ်းတာ ဖြစ်လို့ သိမ်းသင့်တယ်လို့ ထောက်ခံ ပြောနေတယ်၊ ဒေသခံ အမတ်တွေကတော့ ပြည်သူတွေ ဘက်က ရပ်တည် ပြောတော့ အမြင်က ကွဲကုန်တယ်” ဟုရေးမြို့မှ မြေအသိမ်း ခံရသည့် တောင်သူတဦးမှ ဆိုပါသည်။

ကော်မီရှင် အဖွဲ့ခေါင်းဆောင်သည် ဒေါက်တာဌေးဝင်း ဖြစ်ပြီး ကော်မီရှင် အဖွဲ့ဝင် ရေးမြို့နယ်အမတ် မိမြင့်မြင့်သန်းတို့နှင့် ယနေ့ မနက်ပိုင်း၌ ရေးမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ် အစည်းအဝေး ကျင်းပပြီး အချင်းချင်း စကားအချေအတင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ အငြင်းပွားခဲ့ကြသော်လည်း ခမရ (၃၄၃) သိမ်းဆည်း ထားသည့် မြေများကို ဆက်လက် စစ်ဆေးခဲ့ပါသည်။

ဤ ကော်မရှင်အား ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၂ သြဂုတ်လ၌ ဖွဲ့စည်းထားပေးထားခြင်းဖြစ်ပါသည်။ လယ်ယာမြေ နှင့် အခြား သိမ်းဆည်းခြင်း ဆိုင်ရာ လုပ်ငန်း စုံစမ်းစီစစ်ရေး ကော်မရှင် အဖွဲ့ (၉) ဖြစ်ကာ ဒေါက်တာ ဌေးဝင်းအား ဦးဆောင်ခိုင်းခြင်းဖြစ်ပြီး အဖွဲ့ဝင် များအဖြစ် ဦးစိုင်းသန်းနိုင်၊ ဒေါ်နန်းစေအွာ၊ မိမြင့်မြင့်သန်း၊ ဦးဝင်းဦးတို့ ပါဝင်ခဲ့ပေသည်။

မြေရှင်များကမူ ကော်မရှင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ကိုယ်တိုင် ကပင် ဘက်လိုက်မှု ရှိနေသည့် အနေအထားများ တွေ့ရှိနေသဖြင့်ခြံမြေများ ပြန်လည် ရရှိရန်မှာ မလွယ်ကူဟု သုံးသပ် နေကြပါသည်။

၂၀၁၃ ခုနှစ်ဇန်န၀ါရီလ ကတည်းကပင် မွန်ပြည်နယ် အစိုးရမှ သိမ်းဆည်းထားသည့် ခြံမြေ များအား ကွင်းဆင်း စစ်ဆေး တိုင်းတာရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ယခု ချိန်အထိ ဆောင်ရွက် ပေးခြင်း မရှိ ခဲ့သည့်အပေါ် ယမာန့်နေ့တွင် စုံစမ်းရေး ကော်မရှင်မှ မေးမြန်း ခဲ့ရာ ရေးမြို့နယ် အုပ်ချုပ်ရေးမှူးမှ လာမည့် စနေနေ့တွင် ကွင်းဆင်း စစ်ဆေး ပေးမည်ဟု ပြန်လည် ဖြေကြား ခဲ့သည်။

No comments: