Friday, June 7, 2013

မြန်မာကုန်သည်တွေ ကုန်သွယ်မှုမြှင့်တင်ဖို့ကြိုးစား

ABC

မြန်မာနိုင်ငံက ​စီးပွားရေးလုပ်ငန်းရှင် ​၁၈၀ ​ကျော်ပါဝင်တဲ့အဖွဲ့က ​ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် ​ငါးရက်ကြာတဲ့ ​ကုန်စည်ပြပွဲတခုကို ​တရုတ်နိုင်ငံ ​ယူနန်ပြည်နယ်မှာ ​ကျင်းပြပြုလုပ်နေတယ်လို့ ​သိရပါတယ်။

ဇွန်လ ​၆ ​ရက်နေ့ကစတင်ကျင်းပနေတဲ့ ​၂၁ကြိမ်မြောက် ​ကူမင်းပို့ကုန်၊သွင်းကုန် ​ပြပွဲဟာ ​တရုတ်-တောင်အာရှမှာ ​ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ ​စီးပွားရေးချိတ်ဆက်ဖို့နဲ့ ​ ကုန်သွယ်မှု ​မြှင့်တင်လာနိုင်ဖို့အတွက် ​အာဆီယံ ​၁၀ ​နိုင်ငံက ​စီးပွားရေးလုပ်ငန်းရှင်တွေလည်း ​ကုန်စည်ပြပွဲကို ​တက်ရောက် ​ခဲ့ကြတယ်လို့ ​ကုန်သည်များနှင့် ​စက်မှုလုပ်ငန်းရှင်များအသင်းချူပ် ​UMFCCI ​က ​ကော်မတီဝင် ​ဦးမျိုးသန့်က ​အခုလိုပြောပါတယ်။

“လက်မှု ​အနုပညာပစ္စည်းရယ်၊ ​ကျနော်တို့ ​ကျောက်မျက်ရတနာ ​ပစ္စည်းရယ်၊ ​နောက်တစ်ခါ ​ကျနော်တို့ ​ပဲ၊ ​နှမ်း ​နမူနာတွေဘာတွေ ​ပစ္စည်း ​အစုံပေါ့ခင်ဗျ၊ ​ရည်ရွယ်ချက်ကတော့ ​ကုန်သွယ်မှု ​မြင့်တင်ဖို့ပေါ့ဗျား။ ​ဒီလိုသွားခြင်းအားဖြင့်ကတော့ ​ရှင်းရှင်းပြောရရင် ​အနည်းနဲ့အများတော့ ​ကျနော်တို့ ​ဖေါက်သယ်တွေ ​ရမယ်ဗျား၊ ​နောက် ​ကုန်စည်တွေရဲ့ ​လုပ်ပုံကိုင်ပုံတွေ ​နောက် ​ကုန်စည်တွေ ​ထုတ်ပိုးပုံတွေတော့ ​အများကြီး ​အိုင်ဒီယာ ​တွေရလာမယ်၊ ​နောက် ​ဈေးကွက်ကို ​အနည်းနဲ့အများ ​နိုင်ငံတကာ ​ဈေးကွက်နဲ့ထိတွေ့မှုတွေ ​ပိုရလာမယ်လို့ ​ကျနော် ​ယုံကြည့်ပါတယ်။”

အခုပြလုပ်တဲ့ ​ကုန်စည်ပြပွဲမှာ ​ပြခန်းပေါင်း ​၃၀ ​နဲ့ ​ပြသနေတာဖြစ်ပြီးတော့ ​မြန်မာနိုင်ငံဖက်က ​စီးပွားရေးနဲ့ ​ကူးသန်းရောင်းဝယ်ရေး ​ပြည်တောင်စု ​၀န်ကြီးနဲ့ ​တာဝန်ရှိ ​သူတွေ၊ ​သစ်လုပ်ငန်းရှင်များအသင်းနဲ့ ​ကျောက်မျက်ရတနာ ​ရောင်းဝယ်ရေးအသင်းတွေက ​ကိုယ်စားလှယ်တွေ၊ ​ကုန်သည်စက်မှု ​အသင်းချူပ်က ​ကိုယ်စားလှယ်တွေ၊ ​သမ၀ါယမ ​ဦးစီးဌာနက ​ကိုယ်စားလှယ်တွေလည်း ​ပါဝင်တက်ရောက်ပြသနေတယ်လို့ ​သိရပါတယ်။

ပြပွဲမှာ ​တရုတ်ကုန်သည်တွေအပြင် ​အခြားနိုင်ငံပေါင်း ​၄၀ ​ခန့်က ​စီးပွားရေးလုပ်ငန်းရှင် ​၅၀၀၀ ​ခန့် ​လာရောက်ပြသနေတာဖြစ်တာကြောင့် ​မြန်မာနိုင်ငံအနေနဲ့ ​ ဈေးကွက်ပိုရလာမယ်လို့ ​ဦးမျိုးသန့် ​က ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတေးလျသတင်းထောက်သန်းကျော်စိုးကသတင်းပေးပို့ ​ထားပါတယ်။

No comments: