Monday, June 3, 2013

နောက်မျိုးဆက်တွေ အပေါ် ကျူးလွန်သော ရာဇဝတ်မှု

ဇော်ဝင်း

စစ်အာဏာရှင်တွေရဲ့ သက်တမ်း တလျှောက်မှာ အလွန် ဆိုးဝါး ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့တာကို အားလုံးအသိပဲ။ ဇူလိုင် ၇ မှာ ကျောင်းသား ရာကျော်ကို ပစ်ခတ်သတ်ဖြတ်တာ၊ ရှစ်လေးလုံး အရေးအခင်းကြီးမှာ ဆေးရုံထဲအထိ ဝင်ပစ်တာ၊ ဆယ်ကျော်သက် အထက်တန်းကျောင်းသားလေးတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာ၊ မြောက်ဥက္ကလာမှာ အလောင်းတွေလမ်းနဲ့ ပြည့်သွားအောင် ပစ်ခတ်သတ်ဖြတ်တာ၊ ၂၀၀၇ မှာ သံဃာတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ အသက်သေတဲ့ အထိ ညှင်းပန်းနှိပ်စက်တာတွေဟာ အလွန်ဆိုးဝါး ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေပဲ။ စီးပွားရေး ပျက်စီးအောင်လုပ်တာ၊ နိုင်ငံရေး ပျက်စီးအောင်လုပ်တာ၊ တရားစီရင်ရေး ပျက်စီးအောင်လုပ်တာ အားလုံးဟာ ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှု တွေချည်းပဲ။

ဒါပေမဲ့ အဲသလောက်ကြီးတဲ့ ရာဇဝတ်မှုကြီးတွေထက် ပိုကြီးတဲ့ ရာဇဝတ်မှုကြီးတွေ ရှိသေးတယ်။ အထက်မှာ ပြောတဲ့ ရာဇဝတ်မှုတွေ ဟာ သာမန် လူသတ်မှု ၊ မုဒိန်းမှုတွေထက် အဆရာထောင်ပိုမိုကြီးလေးတဲ့ ပြစ်မှုတွေဖြစ်ပေမဲ့ လက်ရှိ အသက်ထင်ရှားရှိတဲ့လူတွေသာ ခံစားရတဲ့ ပြစ်မှုတွေ ဖြစ်တယ်။ စစ်အာဏာရှင်တွေ ကျူးလွန်တဲ့ ဒီ့ထက် ပိုကြီးတဲ့ ရာဇဝတ်မှုတွေကတော့ မျိုးဆက် တစ်ခုတည်းမှာတင် ထိခိုက်နစ်နာရုံမကပဲ နောက်မျိုးဆက် အဆက်ဆက်အထိ ထိခိုက်နစ်နာတဲ့ ရာဇဝတ်မှုမျိုးတွေပဲ။ အဲဒီလို ပြစ်မှုမျိုးတွေကိုတော့ နောက်မျိုးဆက်တွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Next Generations ) လို့ သတ်မှတ်ရလိမ့်မယ်။

ဒီစစ်အာဏာရှင်တွေ နောက်မျိုးဆက်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုကြီး ၃ ခုရှိတယ်။

ပထမ တစ်ခုက ပညာရေးနဲ့ ဆိုင်တဲ့ ရာဇဝတ်မှု။ ကျောင်းသားတွေဟာ စစ်အာဏာရှင်စနစ်ကို တစိုက်မတ်မတ် ဆန့်ကျင် ကန့်ကွက်ခဲ့တယ်။ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်ကို ချောက်ထဲ ဆွဲချလိမ့်မယ်ဆိုတာကို ၁၉၆၂ ခု စစ်တပ် အာဏာသိမ်းပြီးပြီးချင်းမှာပဲ ၊ ချက်ချင်း ထောက်ပြခဲ့တယ်။ ကျောင်းသားတွေ ဦးဆောင်တဲ့ အဲဒီလှုပ်ရှားမှုဟာ ၁၉၈၈ မှာ အမြင့်ဆုံးကို ရောက်သွားတယ်။ ဒီတော့ စစ်အာဏာရှင် တွေဟာ ကျောင်းသားတွေကို အဆမတန် ဖိနှိပ်တယ်။ ကျောင်းတွေကို ပျက်စီးအောင် လုပ်တယ်။ ပညာရေး စနစ်တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။

ကျောင်းတွေကို အစိတ်စိတ် အမွှာမွှာ လုပ်ပစ်လိုက်တယ်။ အရည်အချင်းပြည့်မီတဲ့ ဆရာတွေ အလုံအလောက်မရှိဘဲ ကျောင်းတွေကို အများကြီး ခွဲဖွင့်ပစ်လိုက်တယ်။ ဒီလိုလုပ်လိုက်ရင် ပညာရေး သိပ်နိမ့်ကျသွားမယ်ဆိုတာကို မသိမဟုတ်ဘူး။ သိတယ်။ သိရက်နဲ့ တမင်လုပ်တယ်။ ရည်ရွယ်ချက်ကတစ်ခုတည်းပဲ။ ကျောင်းသားတွေ မစုစည်းနိုင်ဖို့ ၊ မညီညွတ်နိုင်ဖို့ တစ်နည်းအားဖြင့် ပြောရရင် စစ်အာဏာရှင်တွေ အာဏာ တည်မြဲဖို့ သက်သက်ပဲ။ ဒါတွင် မကဘူး။ ကျောင်းတွေကို မြို့ပြင် ထုတ်ပစ်တယ်။ ကျောင်းဆောင်တွေရှိပါရက်နဲ့ အဆောင်တွေ ဟောင်းလောင်းထား ပြီး ကျောင်းသားတွေကို အဆောင်မပေးဘဲ အပြင်မှာ ငှားနေခိုင်းတယ်။ ဒီလိုလုပ်တော့ ကျောင်းသားတွေ နေရေး ထိုင်ရေး အဆင်မပြေတော့ဘူး။ သွားရေး လာရေး အဆင်မပြေတော့ဘူး။ ဆင်းရဲတဲ့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တော့ဘူး။ ဒါကို သူတို့ မသိတာ မဟုတ်ဘူး။ သိတယ်။ သိလို့ လုပ်တာပဲ။ အဲဒါ သူတို့ အကြိုက်ပဲ။ ဖြစ်နိုင်ရင် တက္ကသိုလ်မှာ ကျောင်းသားမရှိရင် အကောင်းဆုံးပဲလို့ သူတို့ သဘောထားကြတယ်။ တက္ကသိုလ်မှာ ကျောင်းသား မရှိရင် သူတို့ အာဏာကို စိန်ခေါ်မယ့်သူ မရှိတာပဲလို့ သဘောထားကြတယ်။ ဒါတွင် မကသေးဘူး။ ၈၈ အရေးအခင်းပြီးတဲ့ နောက်မှာ တက္ကသိုလ်တွေထဲမှာ နံပါတ်ဖိုး အဖြူ ဝယ်လို့ရလာတယ်။ ဒါကိုလည်း သူတို့ လစ်လျူရှုထားတယ်။ ကျောင်းသားတွေ ပျက်စီးတာကို သူတို့ လုံးဝ မပူပန်ဘူး။ ကျောင်းသားတွေ နိုင်ငံရေး လုပ်မှာကိုပဲ သူတို့ ပူပန်စိုးရိမ်တယ်။ နောက်ထပ် ဝမ်းနည်းစရာကောင်းတာ ရှိသေးတယ်။

၈၈ နောက်ပိုင်းမှာ ကျောင်းသူတွေထဲမှာ ပြည့်တန်ဆာလုပ်စားတဲ့လူရှိလာတယ်။ တော်တော်များများ ရှိလာတယ်။ ဒါကိုလည်း သူတို့ စစ်အာဏာရှင်တွေ ဝမ်းမနည်းတတ်ဘူး။ ၈၈ အရေးအခင်းပြီးကတည်းက ကျောင်းတွေမှာ စာမေးပွဲ စာခိုးချတာကိုလည်း ခိုးချင်ခိုး ခွင့်ပြုခဲ့တယ်။ ကျောင်းသားတွေ ပျက်စီးမယ့်အရာ၊ ပညာရေး ပျက်စီးမယ့်အရာမှန်သမျှ ခွင့်ပြုခဲ့တယ်။ တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကယ်တင်ခဲ့တယ်ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့လက်ထက်မှာ ပညာရေးဟာ ပြန်ဆယ်လို့ ပြန်ကယ်လို့ မရနိုင်လောက်တဲ့ အသူတရာ ချောက်ကြီးထဲအထိ ကျသွားခဲ့တယ်။ ဒါကို သူတို့ မသိတာ မဟုတ်ဘူး။ သိပ်သိတယ်။ သူတို့ အသိဆုံးပဲ။ သိလွန်းလို့လည်း သူတို့ သားသမီးတွေ ဆိုရင် ဘယ်ဝန်ကြီးမှ ဗမာပြည်မှာ ပညာ မသင်ခိုင်းကြတော့ဘဲ နိုင်ငံခြားပို့ပြီး ပညာသင်ခိုင်းကြတာကိုသာကြည့်တော့။ ဒီလောက်ဆိုးသွားတဲ့ ပညာရေးကို ၈၈ မတိုင်ခင် အခြေအနေ အဆင့်အတန်း ပြန်ရောက်ဖို့တောင် နှောင့်ယှက်သူမရှိဘဲ အပြင်းအထန်ကြိုးစားခွင့်ရသည့်တိုင် အနည်းဆုံး ဆယ်နှစ်လောက် အချိန်မယူဘဲ မရနိုင်တော့ဘူး။ လူငယ်မျိုးဆက် တစ်ဆက်လုံးဟာ ပညာရေး နိမ့်ကျတဲ့ မျိုးဆက်တစ်ဆက် ဖြစ်သွားတယ်။ ဒီပြစ်မှုဟာ လူငယ်မျိုးဆက် တစ်ဆက်လုံးအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးဖြစ်တယ်။ အသက် ၂၀ ၊ ၃၀ အရွယ်လူငယ်တွေကို စစ်အာဏာရှင်တွေ မသေခင် နေ့တိုင်း ရှိခိုး တောင်းပန်ရင်တောင် မကျေနိုင်တော့တဲ့ ပြစ်မှုကြီးပဲ။ ဒီပြစ်မှုအတွက် တာဝန်ရှိသူက စစ်အာဏာရှင်တွေ အားလုံးပဲ။ လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ အပြစ်အရှိဆုံး ပုဂ္ဂိုလ်ကို လက်ညှိုးထိုးပြပါဆိုရင် အဲဒီလူဟာ ဗိုလ်ချုပ်ခင်ညွန့်ပဲ။ အဲဒီလို ပညာရေးစနစ်ဖျက်ဆီးရေးကို တာဝန်ယူ အကောင်အထည် ဖော်ခဲ့သူဟာ ဗိုလ်ချုပ်ခင်ညွန့်ပါ။

နောက်မျိုးဆက်အပေါ်ကျူးလွန်တဲ့ Crime Against Next Generation နံပါတ် ၂ ကို အခုပြောပါမယ်။ ဒီပြစ်မှုက စောစောက ပြစ်မှုထက် ပိုကြီးတယ်။ အဲဒီပြစ်မှုကတော့ တနိုင်ငံလုံးပြည်သူတွေရဲ့ အကျင့်စာရိတ္တကို ဖျက်ဆီးတဲ့ ပြစ်မှုပဲ။ အခုဗမာနိုင်ငံမှာ လာဘ်မစားဘူးတဲ့ ဝန်ထမ်းမရှိဘူးလို့ ပြောရင် ဘယ်သူငြင်းရဲသလဲ။ တချို့က ပြောလိမ့်မယ်။ ဒို့တစ်သက်မှာ တစ်ခါမှ လာဘ်မစားဖူးပါဘူး။ သူတို့ သဒ္ဓါလို့ စေတနာ အလျောက် ပေးတဲ့ လက်ဆောင်လေးတော့ ယူဖူးတယ်လို့....။ လက်ဆောင်ယူတာဟာ လာဘ်စားတာပဲ ဆိုတာ တချို့က မသိကြတော့ဘူး။ တချို့ကျတော့ သိတော့ သိပါရဲ့။ မသိဟန်ပြုပြီး သူတို့စိတ်သူတို့ ဖြေသိမ့်ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် ညာကြရတယ်။ အင်မတန် စိတ်နာဖို့ကောင်း တယ်။ ဝန်ထမ်းတွေကို ခိုးမစားရင် ထမင်းမဝတဲ့ ဘဝရောက်အောင် သူတို့ စစ်အာဏာရှင်တွေ သိသိကြီးနဲ့ တွန်းပို့ကြတယ်။ မလောက်မငှ လစာနဲ့ ပစ်ထားကြတယ်။ သူတို့တတွေ စိန်စီသောည လုပ်နေတဲ့အချိန်မှာ ဗမာပြည်သူတွေ ချွတ်ခြုံကျငတ်မွတ်နေတာကို မသိယောင်ပြုခဲ့ကြတယ်။

လာဘ်ပေးလာဘ်ယူစနစ်ဆိုတာ ပျက်စီးတာ corruption လို့ နိုင်ငံတကာမှာ ခေါ်ဝေါ်သုံးစွဲတယ်။ ပျက်စီးတယ်ဆိုတာ လာဘ်ယူတဲ့လူတွင် ပျက်စီးတာ မဟုတ်ဘူး။ လာဘ်ပေးတဲ့လူရဲ့ စာရိတ္တလည်း ပျက်စီးတာပဲ။ လာဘ်ပေးတယ်ဆိုတာ သူများထက် အခွင့်အရေး မတရား ပိုလိုချင်လို့ ငွေကြေးအသုံးပြုပြီး အခွင့်အရေးယူတာပဲ။ ဗမာပြည်မှာ တချို့က လာဘ်ယူတဲ့လူကိုသာ အကျင့်ပျက်တယ်လို့ ထင်ပြီး လာဘ်ပေးတဲ့လူကိုတော့ လူကြီးလူကောင်းလို့ထင်ကြတယ်။ ဒါမှားတယ်။ လာဘ်ပေးတဲ့လူရော လာဘ်ယူတဲ့လူရော အတူတူ အကျင့်ပျက်တဲ့လူပဲ။ တကယ်တော့ လာဘ်ပေးတဲ့လူက ပိုတောင်ဆိုးသေးတယ်။ လာဘ်ယူတဲ့လူက မလွှဲသာလို့ ထမင်းငတ်မှာစိုးလို့ ယူရတယ်။ လာဘ်ပေးတဲ့လူက ငွေရှိပါရက်နဲ့ ပျက်စီးတာ။ ဆိုးချင်ဆိုး ပေးတဲ့လူက ပိုဆိုးဦးမယ်။ ကဲ... မေးပါရစေ။ ဗမာပြည်မှာ အရွယ်ရောက်သူ အသက် ၁၈ နှစ်ပြည့်ပြီးသူထဲမှာ လာဘ်မပေးဘူးတဲ့လူ ဘယ်နှယောက်ရှိသလဲ။ အလုပ်လုပ်ဖူးသူမှန်သမျှ လာဘ်ပေးဖူးကြတယ်ဆိုတာ ဝန်ခံကြရလိမ့်မယ်။ လူတိုင်းလူတိုင်းဟာ လာဘ်ပေးသူနေရာကဖြစ်စေ၊ လာဘ်ယူသူနေရာကဖြစ်စေ တစ်နေရာရာမှာ နေခဲ့ကြဖူးသူတွေချည်းပဲ။ ဒီတော့ လာဘ်ပေးလာဘ်ယူစနစ်ဆိုတာကို ပျက်စီးမှုလို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်နဲ့ တိုင်းတာကြည့်ရင် ဗမာပြည်မှာ လူကောင်းဆိုတာ ရှိသေးရဲ့လား။ မခိုးဖူးတဲ့လူ၊ သူခိုးအားပေး မလုပ်ဖူးတဲ့လူရှိသေးရဲ့လား။ ဒီတိုင်းပြည်ကြီးကို သူခိုးတိုင်းပြည်ကြီးလို့ နိုင်ငံတကာက ပြောမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြမလဲ။ ဒီလို ခိုးလို့ လာဘ်စားလို့ဆိုပြီး သူတို့ကိုရော အပြစ်တင်လို့ ရမလား။ ထိပ်ဆုံးက သူခိုးကြီးတွေကြီးပွားကောင်းစားနေပုံနဲ့ သူတို့ငတ်နေပုံကို နှိုင်းယှဉ်ကြည့် ရင် သူတို့ကို ဘယ်လိုမှ အပြစ်တင်လို့ မရတော့ဘူး။ ဂုဏ်သရေရှိ သူဌေးမင်းကြီးတွေဆိုတဲ့ ခရိုနီကြီးတွေက တိုင်းပြည်ရဲ့ တစ်နိုင်ငံလုံးပြည်သူတွေ ပိုင်တဲ့ ရွှေငွေ သတ္တု သယံဇာတတွေ၊ သစ်ပင်တွေ၊ ငါး၊ ပုဇွန်တွေကို ရောင်းစားခွင့်ရဖို့ သူများထက် အခွင့်ထူးရဖို့ ၊ အချောင်နှိုက်ဖို့ စစ်အာဏာရှင်တွေဆီ လာဘ်ထိုးကြတယ်။ စစ်အာဏာရှင်တွေက သူတို့ မပိုင်တဲ့ ပြည်သူပိုင်ပစ္စည်းကို သူတို့ ပိုင်ဆိုင်လေဟန် ခွင့်ပြုလက်မှတ်ထိုး ပေးပြီး ခရိုနီတွေ ပေးတဲ့ လာဘ်ကိုယူတယ်။ ဒီငွေတွေကြောင့်သာ သူတို့မှာ စိန်စီသောည လုပ်နိုင်တာပဲ။
 
ပြည်သူတွေကတော့ ငတ်လွန်းလာတော့ ချဲထီ၊ နှစ်လုံးထီ၊ ဘောလုံးလောင်းကစားတွေလုပ်လာတယ်။ စိတ်ဓါတ်တွေ ပျော့ညံ့လာတယ်။ ပျက်စီးလာတယ်။ အကျင့်စာရိတ္တပျက်စီးလာတယ်။ ဒါကိုလည်း အားပေးထားတယ်။ သူတို့က ထီတွေတောင် ထပ်ဖွင့်ပေးလိုက်သေးတယ်။ နှစ်လုံးထီ၊ သုံးလုံးထီတွေကို ဖမ်းနေပါသကောလို့ တချို့က ဆင်ခြေပေးလိမ့်မယ်။ တကယ် နှိမ်နင်းသလား ၊ ဟန်ပြဥပဒေထုတ်ပြီး လိုရင်လိုသလို မလိုရင် မလိုသလို လုပ်လို့ ရအောင် လုပ်ထားတာလားဆိုတာ အသိသာကြီးပါ။ တိုင်းပြည်မှာ လူငယ်တွေ၊ မူးယစ်ဆေးသုံးတာ၊ အရက်သေစာ သောက်စားတာတွေ တိုးပွားလာလိုက်တာကလည်း ဒီစစ်အာဏာရှင်တွေ လက်ထက်မှာ သိသိသာသာကြီးပဲ။ ဒါတွေကိုလည်း မတားဘူး။ မဆီးဘူး။ တားပါတယ်၊ မနိုင်လို့ပါလို့ ဆင်ခြေပေးလို့ မရဘူး။ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို သူတို့ ဘယ်လို နှိမ်နင်းတယ်ဆိုတာ မမေ့ကြပါနဲ့။

စောစောက ပညာရေး ပျက်စီးသွားတာကို အနည်းဆုံး ၁၀ နှစ်ကြာအောင် မလုပ်ဘဲ ပြန်အဖတ်ဆယ်လို့ မရဘူးလို့ စောစောက ကျွန်တော် ပြောခဲ့တယ်။ ၁၀ နှစ်ဆိုတာ လျှော့လျှော့ပေါ့ပေါ့ ပြောထားတာဆိုတာ အားလုံးသဘောပေါက်ကြမှာပါ။ အဲဒီ ပညာရေး ပြင်ဖို့ ဆယ်နှစ်ကြာမယ် ဆိုရင် လူတွေ အကျင့်စာရိတ္တပျက်စီးတာကို ပြင်ဖို့ရင် အနည်းဆုံး အနှစ် ၂၀ ကြာပါမယ်။ အခု တရားဥပဒေ စိုးမိုးရေးလုပ်မယ်၊ ကျန်းမာရေး ပြုပြင်မယ်၊ ပညာရေး ပြုပြင်မှုမယ် ပြောဆိုနေကြတာတွေကိုလည်း အားလုံး ကြားကြမှာပါ။ ဒါပေမဲ့ လူတွေရဲ့ စာရိတ္တ မပြင်နိုင်ရင် အကျင့်ပျက် လာဘ်စားမှုကြီးရှိနေရင် အဲဒီ ပြုပြင်ရေးတွေဟာ တစ်ခုမှ အောင်မြင်မှု မရနိုင်ဘူး။

ဒီပြစ်မှုဟာ လူမျိုးတစ်မျိုးကို နောက်မျိုးဆက်လက်ထက်အထိ တိုင်အောင် ဖျက်ဆီးတဲ့ ပြစ်မှုပဲ။ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာလိုချင်တာလေး တစ်ခုတည်းအတွက် လူမျိုးတမျိုးလုံး သူခိုးမျိုးဖြစ်အောင် ဖျက်ဆီးခဲ့တယ်။ ဒါဟာ နောက်မျိုးဆက် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Next Generation) ပဲ။ ဒီပြစ်မှု အတွက် တာဝန်ရှိသူတွေဟာလည်း စစ်အာဏာရှင်တွေ အားလုံးပဲ။ လူပုဂ္ဂိုလ် တစ်ယောက်ချင်း အနေနဲ့ တာဝန်အရှိဆုံးလူကို ပြပါဆိုရင်တော့ ဗိုလ်ချုပ်သန်းရွှေပဲ။ သူဟာ ဒါတွေအားလုံးဖြစ်လာအောင် အစီအစဉ်ရှိရှိ ဖန်တီးခဲ့တဲ့ တကိုယ်ကောင်းသမားကြီးပဲ။

အခု နောက်မျိုးဆက်အပေါ်ကျူးလွန်တဲ့ Crime Against Next Generation နံပါတ် ၃ ကို ပြောပါမယ်။ အဲဒီ နံပါတ် ၃ ကတော့ စောစောက နံပါတ် ၁ နံပါတ် ၂ ထက် ပိုကြီးတဲ့ ပြစ်မှုပါ။ အခုဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ ဗိုလ်သိန်းစိန် လက်ထက် ရောက်ပြီးမှ ကျူးလွန်တဲ့ အသစ်စက်စက် ရာဇဝတ်မှုကြီးလည်း ဖြစ်ပါတယ်။ အမှုကတော့ အပင်းထည့်တဲ့ အမှုပါ။ အဆိပ်လောင်းတဲ့ အမှုပါ။

စောစောက လူတွေ အကျင့်ပျက်အောင်လုပ်တာက အကျင့်ပဲ ပျက်စီးတာပါ။ လာဘ်မစားရင် မဖြစ်တဲ့ အကျင့်တစ်ခုဖြစ်လာအောင် လုပ်သွားတာပါ။ လာဘ်မပေးရင် မနေနိုင်တဲ့ အကျင့်ဖြစ်အောင် လုပ်တာပါ။ ပင်ကိုယ် ရိုးသားဖြူစင်တဲ့ အတွင်းစိတ်ဓါတ်အထိတော့ မဖျက်ဆီးနိုင်ပါဘူး။ လူတွေက လာဘ်စားနေပေမယ့် မလွှဲသာလို့သာ လာဘ်စားနေတာပါ။ လာဘ်စားနေရတဲ့ ဘဝကို မနှစ်မြို့ပါဘူး။ အများစု ပြည်သူတွေ အနေနဲ့ သူတို့ သူဌေး ဖြစ်ချင်လို့ လာဘ်စားနေတာ မဟုတ်ဘူး၊ ထမင်းမငတ်ချင်လို့ ၊ သားသမီးကို အငတ်မထားချင်လို့ လာဘ်စားကြ ရတယ်ဆိုတာလည်း သိတယ်။ သူတို့ကို သူခိုးလုပ်ခိုင်းတဲ့ အစိုးရကိုလည်း စက်ဆုတ်ရွံရှာ မုန်းတီးတယ်။ ဒါဟာ သူတို့ရဲ့ ပင်ကိုယ်စိတ်ကောင်း စေတနာ ကောင်း မပျက်စီးတာကို ဖော်ပြတာပဲ။

ဒီရာဇဝတ်မှု နံပါတ် ၃ ကတော့ လူတွေရဲ့ စိတ်ရင်းစေတနာကိုပါ ဆိုးယုတ်သွားအောင် အပင်းဆို့ ဖျက်ဆီးတဲ့လုပ်ရပ်ပဲ။ အဲဒါက ဘာလဲ ဆိုတော့ လူတွေကို ဘာသာရေး မုန်းတီးမှုကို အပင်းထည့်သလို ထည့်ပေးတဲ့ ပြစ်မှုပဲ။ ရခိုင်မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာ ရခိုင် ပဋိပက္ခက စပြီး မိတ္ထီလာ အရေး အခင်း၊ တစ်နိုင်ငံလုံး ဖြစ်ပွားတဲ့ ဘာသာရေး အဓိကရုဏ်းတွေမှာ အစိုးရဟာ မဖြစ်တာကို ဖြစ်အောင် ၊ မကြီးတာကို ကြီးအောင် လုပ်ခဲ့တာကို တော်တော်များများက သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြောကြ ပြသခဲ့ပါပြီ။ ရခိုင်အရေးမှာ သမ္မတရုံးက မှူးဇော်လုပ်ခဲ့တာ၊ မိတ္ထီလာမှာ ရဲတွေ ပြုမူခဲ့တာတွေကို ကြည့်ရင် တော်တော် ခိုင်လုံနေပါပြီ။
 
သူတို့ ဘာကြောင့် ဒီလိုလုပ်သလဲ။ ၂၀၁၅ မှာ မဲရအောင်လုပ်နေတာပဲ။ သူတို့ကို တစ်နိုင်ငံလုံးက မစင်ထက် ရွံရှာနေပြီ။ သူတို့ မဲရဖို့ မလွယ်ဘူး။ ဘယ်လိုမှ မလွယ်ဘူးဆိုတာကို ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က သက်သေပြခဲ့ပြီးပြီ။ ဒီတော့ မွတ်စလင်နဲ့ ရခိုင်အရေးကို စဖော်တယ်။ အစိုးရဆန့်ကျင်ရေး စိတ်ဓါတ် အင်မတန် ပြင်းထန်တဲ့ ရခိုင်ပြည်သူတွေက သမ္မတကြီးကို ထောက်ခံတယ်တို့ ၊ တပ်မတော်က တို့ဘက်မှာ ရပ်တည်တယ်တို့ ပြောလာတဲ့အခါကျတော့ သူတို့ တော်တော် အားရသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရိုဟင်ဂျာတွေဆီက ကြံ့ခိုင်ရေးက မဲဝယ်ခဲ့တာကိုလည်း သတိရကြဦးမယ်ထင်တယ်။ ခုတော့ ရခိုင်ဆီက မဲကိုရရင် ပိုပြီးတွက်ချေကိုက်တယ်ဆိုတာ သူတို့ မြင်သွားတယ်။

မွတ်စလင်တွေက ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အကူအညီသွားတောင်းတော့ ရခိုင်တွေနဲ့ ဗုဒ္ဓဘာသာတွေက ကန့်ကွက်ပြောဆိုကြ တာတွေ ကို ကြားလိုက်ရတဲ့အခါမှာတော့ နိုင်ငံရေး လုပ်စားလာတာ အံတိုနေပြီ ဖြစ်တဲ့ စစ်အာဏာရှင်တွေဟာ အကွက်ကို လှစ်ကနဲ ပြေးမြင်လိုက် ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ ရန်သူနံပါတ်တစ်ဆိုတာကို တစ်စက္ကန့်ကလေးမှ သတိမမေ့တဲ့ စစ်အာဏာရှင်တွေဟာ ဒီအကွက်ကို အမိအရ အသုံးချတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူများစု ဗုဒ္ဓဘာသာဝင် ပြည်သူတွေအကြားမှာ သပ်လျှို သွေးခွဲဖို့ အကောင်းဆုံး နေရာဟာ ဒီနေရာပဲ ဆိုတာသူတို့ သိသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာတွေ ဆန့်ကျင်ဖို့ စစ်အာဏာရှင်တွေကို လူတွေ ထောက်ခံလာဖို့ ဘာသာရေး အဓိကရုဏ်းတွေ များများ ဖန်တီးပေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကိုမြင်တယ်။ ဒါကိုမြင်တော့ မွတ်စလင်တွေကို မတရားဖိနှိပ်တာတွေကို ဝင်မပြောဘဲ ရှောင်တယ်။ မိတ္ထိလာမှာ ရဲတွေက မတော်မတရား လက်ပိုက်ရပ်ကြည့်နေတာကို သိရက်နဲ့တောင် မဝေဖန်ဘဲ ရေငုံခဲ့တယ်။ ဒါပေမဲ့ ဝေဖန်ရမယ့် နေရာမှာ မဝေဖန်တာဟာ ပြဿနာကို မလိုအပ်ဘဲ ပိုမို ကြီးထွားလာစေတယ်။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်က စောစောစီးစီးကတည်းက ဘာသာ ရေး အစွန်းရောက်စိတ်ဓါတ်ကို တားဆီးခဲ့မယ်ဆိုရင် ၊ အမုန်းခံရမှာကို တကယ်မကြောက်ဘဲ၊ မဲမရမှာကို တကယ်မကြောက်ဘဲ အမှန်တရား အတိုင်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့ရင် လူမျိုးရေး အစွန်းရောက်စိတ်ဓါတ်ဟာ ဒီလောက်ကြီးထွားလာမှာ မဟုတ်ဘူး။ အခုလောက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးရေး အကြောင်းပြုပြီး ဆန့်ကျင်တဲ့လူတွေ များလာမှာ မဟုတ်ဘူး။ ခုတော့ ပြောသင့်တာကို မပြောခဲ့တော့ အခြေအနေဟာ ပိုဆိုးလာတယ်။ ပိုကြီးလာတယ်။ သူ့ကို ဆန့်ကျင်တဲ့လူလည်း ပိုများလာတယ်။ ညီညွတ်ရေးတွေလည်း ပိုပျက်ပြားလာတယ်။ ပြောသင့်တဲ့ အရာကို ပြောသင့်တဲ့အချိန်မှာ မပြောခဲ့တဲ့ အကျိုးဆက်ပဲ။ ဒီအချိန်မှာ ပြောသင့်သလောက် မပြောရင် နောင်ပိုဆိုးဦးမယ်။

အစိုးရဟာ ဒါတွေအားလုံးကို အကွက်ချလုပ်ခဲ့တာပဲ။ လူတွေရဲ့ စိတ်ထဲကို လူမျိုးရေး ဘာသာရေး အပင်းထည့်ခဲ့တာပဲ။ ခုဆိုရင် ကမ္ဘာမှာ နိုင်ငံနဲ့ လူမျိုးတစ်ခုလုံး သိက္ခာကျဆင်းတဲ့ အခြေအနေထိ ရောက်သွားတယ်။ တချိန်က ဂျာမဏီ၊ ဂျပန်တွေကို လူတွေက ဖက်ဆစ်ဆိုပြီး မုန်းသလိုမျိုး မုန်းဖို့ အစပျိုးလာနေတယ်။ ကြာလာရင် ဒါတွေဟာ အိန္ဒိယမှာ ဘာသာရေး အဓိကရုဏ်းကြီးဖြစ်သလိုမျိုး ၊ ဆူဒန်မှာ ကျေးရွာတစ်ရွာနဲ့ တစ်ရွာ အပျောက်ရှင်းသတ်ဖြတ်ကြသလိုမျိုး၊ ရဝမ်ဒါမှာ အပြတ်ရှင်းကြသလိုမျိုး အင်မတန် နာကြည်းကြေကွဲ စရာတွေ ဖြစ်လာနိုင်တယ်။ အဲသလို အဖြစ်တွေ တစ်ချိန်မှာ ဖြစ်လာဖို့ အစပျိုးနေတဲ့ အခြေခံအကြောင်းတရားတွေပဲ။

စက်မှုတက္ကသိုလ်မှာ သာမန် ရန်ဖြစ်မှုကလေးကနေ ရှစ်လေးလုံးအရေးအခင်းကြီး ဖြစ်ရပါတယ်လို့ စစ်အာဏာရှင်တွေက မကြာမကြာ ပြောတတ်တယ်။ တကယ်တော့ ရန်ဖြစ်မှုက သာမန်ပဲ။ စစ်အာဏာရှင်တွေကို လူတွေကမုန်းတဲ့ အမုန်းရှိနေလို့သာ ဒီလောက်ကြီးကျယ်လာရတာပါ။ စစ်အာဏာရှင်ကို မုန်းတဲ့ အမုန်းက အခြေခံ အကြောင်းတရားပဲ။ အဲဒီအခြေခံအကြောင်းတရားက ပိုအရေးကြီးတယ်။

ခုလည်း ဘာသာရေး လူမျိုးရေး အမုန်းတရားဆိုတဲ့ အခြေခံ အကြောင်းတရားကြီးက တဖြည်းဖြည်း စုမိနေပြီ။ ကြာလေကြီးလေကြီးနေပြီ။ တစ်ချိန်မှာ ဘာမဟုတ်တဲ့ အကြောင်းကလေးကနေ ရဝမ်ဒါလို ဖြစ်မသွားဘူးလို့ မပြောနိုင်ဘူး။ အဲသလို ဖြစ်ခဲ့ရင် စစ်အာဏာရှင်တွေ တရားခံပဲ။

ဒီလို ဘာသာရေးမုန်းတီးမှု အပင်းထည့်တာဟာ လူတွေရဲ့ စိတ်ကိုပါ ညစ်နွမ်းအောင်လုပ်တဲ့နည်းပဲ။ ပြင်ရ အင်မတန်ခက်တယ်။ ခုချိန်မှ မပြင်နိုင်၊ မတားနိုင်လို့ ဒီ့ထက် အခြေခိုင်သွားရင် နောင်နှစ်ပေါင်းများစွာကြာအောင် တိုက်ဖျက်ယူရမယ့် အယူသီးဝါဒမျိုးဖြစ်လာမယ်။ လူ့အသက်၊ လူ့သွေးများစွာ ဆက်ပြီး ဆုံးရှုံးလိမ့်မယ်။ စစ်အာဏာရှင်တွေ အရိုးဆွေးသွားပြီးတဲ့နောက်တောင် ဘာသာရေး မုန်းတီးမှုက မပျောက်မပျက်ဘဲ အဓွန့်ရှည်ကျန်ရစ်တာမျိုးဖြစ်နိုင်တယ်။ နောင်မျိုးဆက်ပေါင်းများစွာအထိ သွေးစွန်းနိုင်တယ်။ အခုထိ မမွေးသေးတဲ့ ကလေးအထိ အသက် အန္တရာယ်ရှိနိုင်တယ်။ ဒီပြစ်မှုဟာ နောက်မျိုးဆက်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Next Generation) ပဲ။ ဒီပြစ်မှု အတွက် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်သိန်းစိန်၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်မင်းအောင်လှိုင်စတဲ့ စစ်အာဏာရှင် အားလုံးမှာ တာဝန်ရှိတယ်။ လူပုဂ္ဂိုလ် တစ်ယောက်ချင်း အနေနဲ့ အဓိက တာဝန်အရှိဆုံးပုဂ္ဂိုလ်က ဦးသိန်းစိန်ပဲ။ သူက အဓိက အမိန့်ပေးနေတဲ့သူဖြစ်တယ်။ သူသမ္မတ တာဝန်ယူနေစဉ်မှာ ဒါတွေ ဖြစ်လာတာဖြစ်တယ်။

ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေ၊ ဦးသိန်းစိန်တို့ ကျူးလွန်ခဲ့တဲ့ ဒီရာဇဝတ်မှုကြီး ၃ ခုဟာ မမွေးသေးတဲ့ ကလေးတွေ အပေါ်မှာ အထိ သွားပြီး ထိခိုက်တဲ့ ရာဇဝတ်မှုမျိုးဖြစ်တဲ့ အတွက် ဘယ်နည်းနဲ့မှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုချင်တယ်။

ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း

No comments: