ABC
ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ World Against Child labor Day အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က Child Development Central (CDC) အထက်တန်းကျောင်းမှာ Child Rights working Group အဖွဲ့က ဦးဆောင်ပြီး ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကျင်းပတာနဲ့ပတ်သက်ပြီး Child Rights working Group အဖွဲ့ဝင် ကိုမင်းမင်း က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။
အဓိကအားဖြင့်တော့ မဲဆောက်ဒေသမှာ ကျနော်တို့ စာသင်ကျောင်းတွေမှာဆိုလို့ရှိရင် မိဘတွေက အသက် ၁၃- ၁၄ ဆိုရင် ကျောင်းထုတ်ပြီလေ။ အတန်းအားဖြင့်ဆိုရင် ခြောက်တန်း ခုနှစ်တန်းပေါ့ စာဆက်မသင်ကြတော့ဘူး။ ဒီကလေးကို စက်ရုံထဲပို့တာတို့ ဘန်ကောက်ပို့တာတို့ဘာတို့ရှိတယ်။ အဲ့တော့ ဒီဟာတွေကို မိဘတွေကလည်းသိထားသင့်တယ်။ နောက်သူ့ကလေးတွေ ပညာရေး အနာဂတ်ကိုလည်းမဆုံးရှုံးစေချင်ဘူး အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီပွဲကိုလုပ်ရတဲ့ရည်ရွယ်ချက်ပေါ့။
Child Rights Working Group အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ ပညာရေး ကျန်းမာရေး ၊ ကလေးအခွင့်အရေး ဆိုင်ရာ လုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ ကျော် ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းမှာ မြန်မာရွှေ့ပြောင်းကလေးငယ် ငါးသောင်းကျော်ရှိနေပြီး အဲဒီထဲက ကလေးငယ် နှစ်သောင်း လောက်သာ ကျောင်းနေနိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့ကလေးအများစုကတော့ လမ်းမပေါ်တွေမှာ ရောင်းစားလို့ရတဲ့ ပစ္စည်းဟောင်းကောက်တာ အပါအ၀င် ကျဘမ်းအလုပ် လုပ်ကိုင်နေကြရသလို စက်ရုံအလုပ်ရုံ လုပ်သားတွေ စိုက်ပျိုးရေး လုပ်ငန်းတွေထဲ အန္တရာယ်များတဲ့ ပိုးသတ်ဆေးဖျန်းရတဲ့ အလုပ်တွေမှာ ၀င်ရောက် အလုပ်လုပ်ကိုင်နေကြရတယ်လို့ Child Rights Working Group အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားအဖြစ် ယောင်္ကျားလေး (၁၇၂) သန်းနဲ့ မိန်းကလေး (၈၈) သန်း ရှိနေတယ်လို့လည်း နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ စစ်တမ်းအရသိရကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment