Wednesday, June 12, 2013

မလေးရောက် မြန်မာတွေ ပြန်နိုင်ဖို့ မြန်မာ စီးပွားရှင်တွေကူညီ

ABC

မလေးရှားနိုင်ငံရောက် ​မြန်မာနိုင်ငံသားတွေ ​မြန်မာနိုင်ငံကိုပြန်လာနိုင်အောင် ​မြန်မာလေကြောင်းလိုင်းက ​လေယာဉ်လက်မှတ်ဈေးနှုန်း ​တစ်ဝက်လျော့ချပေးနေသလို ​အဲပုဂံကလည်း ​ပြည်တွင်းခရီးစဉ်အတွင်း ​အခမဲ့ ​ပျံသန်းခွင့်ပေးဖို့ ​လုပ်နေတယ်လို့လည်း ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​မြန်မာတွေ ​တိုက်ခိုက်အသတ်ခံရမှုတွေ ​ရှိလာပြီးတဲ့နောက် ​ခုလို ​စီစဉ်တာ ​ဖြစ်ပါတယ်။

ဒီလို ​ဈေးနှုန်းလျော့ချပေးတဲ့ ​အစီအစဉ်ကို ​မြန်မာ့လေကြောင်းလိုင်းက ​ဒီကနေ့ ​ဇွန်လ ​၁၂ ​ရက်ကနေ ​ဇူလိုင်လ ​၁၂ ​ရက်နေ့အထိ ​ပြုလုပ်ပေးမယ်လို့ ​သိရပါတယ်။

ထူးဖောင်ဒေးရှင်းပိုင် ​အဲပုဂံကတော့ ​မြန်မာနိုင်ငံ ​တွင်းမှာလည်း ​အခမဲ့ ​ပျံသန်းနိုင်အောင် ​စီစဉ်ပေးမယ်လို့ ​သိရပြီး ​မလေးရှားပြန် ​အလုပ်သမားတွေအတွက် ​ဒေါ်လာ ​တစ်သိန်း ​လျူဒါန်းမှာဖြစ်သလို ​အလုပ်အကိုင်တွေ ​ပေါ်လာရင်လည်း ​ဦးစားပေး ​ခေါ်သွားမယ်လို့ ​ဆိုပါတယ်။

အဲ့ဒါ့အပြင် ​ဧရာဝတီဖောင်ဒေးရှင်းကလည်း ​လေယာဉ်လက်မှတ် ​အစောင်ပေါင်း ​၁၀၀၀ ​ကို ​အခမဲ့ပေးမှာဖြစ်သလို ​ကမ္ဘောဇဘဏ်ကလည်း ​ဒေါ်လာ ​ငါးသောင်းအပြင် ​သတင်းဌာနတချို့ကလည်း ​လျူဒါန်းမှုတွေ ​ပြုလုပ်နေတယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသားတွေနဲ့ ​ရိုဟင်ဂျာတွေနဲ့ ​တခြား ​မွတ်စလင်တွေကြား ​ပဋိပက္ခကြောင့် ​မြန်မာ ​၆ ​ယောက်လောက် ​အသတ်ခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ ​မြန်မာနိုင်ငံသား ​အယောက်ပေါင်း ​လေးသိန်းလောက် ​အလုပ်လုပ်ကိုင်နေကြပြီး ​အဲဒီထဲမှာ ​ရိုဟင်ဂျာအယောက်ပေါင်း ​သုံးသောင်း ​လောက်ရှိတယ်လို့လည်း ​သိရပါတယ်။

ရိုဟင်ဂျာအယောက်ပေါင်း ​နှစ်သောင်းကျော်ကို ​ကုလသမဂ္ဂက ​ဒုက္ခသည်အဖြစ် ​သတ်မှတ်ထားပြီး ​အခုဖြစ်နေတဲ့ ​ပြဿနာမှာ ​ဝင်မပါကြဖို့ ​ကုလသမဂ္ဂကလည်း ​သတိပေးတိုက်တွန်းမှုတွေ ​လုပ်နေတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံရောက် ​မြန်မာနိုင်ငံသားတွေရဲ့ ​လုံခြုံရေး ​ကူညီဆောင်ရွက်ဖို့အတွက် ​မြန်မာနိုင်ငံက ​ဒုဝန်ကြီး ​တချို့လည်း ​မလေးရှားနိုင်ငံကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။

မလေးရှားအစိုးရကလည်း ​လူသတ်မှုမှာ ​ပါဝင်သူလို့ ​ယူဆရသူ ​မြန်မာ ​နှစ်ဦးနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​တစ်ဦးအပေါ် ​ဖမ်းဝရမ်းထုတ်ထားပါတယ်။

No comments: