Monday, July 21, 2014

ALP မှ ဖမ်းဆီးသော တပ်သားနှစ်ဦး လွတ်မြောက်ရေး ကူညီမည်ဟု ဦးအောင်မင်း ကတိပြု

ကေဇူး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဖမ်းဆီးထားသော တပ်သားနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကတိပြုလိုက်သည်ဟု ALP ပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက မဇ္ဈိမကို ပြောသည်။

ALP ပါတီက ရန်ကုန်အခြေစိုက် ရခိုင်အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီးခန်းမတွင် တွေ့ဆုံပြီး မဇ္ဈိမ၏ မေးမြန်မှုကိုဖြေကြားလိုက်ခြင်းဖြစ်သည်။

“ဖမ်းဆီးထားတဲ့ တပ်သားနှစ်ဦးလွတ်မြောက်ရေးအတွက် သူ့(ဦးအောင်မင်း)အနေနဲ့ အကောင်းဆုံးကူညီပေးမယ်လို့ ဦးအောင်မင်းက ဂတိပြုခဲ့ပါတယ်”ဟုဒေါ်စောမြရာဇာလင်းကပြောသည်။

ရခိုင်အမျိုးသားပါတီ ALP အနေဖြင့် ဖမ်းဆီးခံထားရသော တပ်သားနှစ်ဦးလွတ်မြောက်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် ၁၈ ရက်က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ရခိုင်လွတ်မြောက်ရေးပါတီမှ တပ်သားနှစ်ဦးကို ဇွန် ၁၆ ရက်က ချင်းပြည်နယ် ပလက်ဝမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာတပ်စခန်းအနီးတွင် ခလရ၂၃၂ နှင့် ခလရ ၂၈၉ တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ALP ပါတီက ထုတ်ပြန်ကြေညာထားသည်။

No comments: