Thursday, July 17, 2014

ရန်ကုန်မြေဈေးနှုန်းနှင့် မြင်ကွင်းသတ်မှတ်ချက်အရ ဆင်ခြေဖုံးတွင် အထပ်မြင့်တိုက်များဆောက်လုပ်မည်

သီဟကိုကို

ရန်ကုန်မြို့၏ မြေဈေးနှုန်းကြီးမြင့်မှုနှင့် မြင်ကွင်းမကွယ်စေရန် သတ်မှတ်ချက်များအရ ဆင်ခြေဖုံးမြို့နယ်များတွင် အထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်နိုင်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက မဇိ္ဈမကို ပြောသည်။

မြို့ပြမြေအသုံးချမှုဇုန်နှင့် အဆောက်အအုံ အမြင့်ဇုန်စီမံကိန်းအရ ရန်ကုန်မြို့တွင် ဇုန် ၁၁ခု သတ်မှတ် ထားပြီး ရှေးဟောင်းအမွေအနှစ်ဇုန်နှင့် မြို့၏အချက် အချာနေရာဧရိယာများတွင် အထပ်မြင့်ဆောက်လုပ် ခွင့်များကို ခွင့်ပြုသွားမည် မဟုတ်သည့်အတွက် မြို့စွန်ဧရိယာများတွင် အထပ်မြင့် အဆောက်အအုံများ ဦးစားပေးဆောက်လုပ်လာနိုင်မည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဦးသာဌေးက “ သူတို့နဲ့ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းထားတာရှိပါတယ်။ အခု ကျွန်တော်တို့ဘက်က အထပ်မြင့်တွေ ဆောက်လာရင် သူတို့သတ်မှတ်ချက်ကို ကျွန်တော်တို့ကလိုက်နာရမှာပဲ။ အထပ်မြင့် အဆောက်အအုံကို ဇုန်အလိုက်ကန့်သတ်တယ်ဆိုလည်း တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံတို့ လိုနေရာတွေမှာ မြို့သစ်တွေ ဆောက်လုပ်လို့ရပါတယ် ” ဟု ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများမတန်တဆကြီးမြင့်လာပြီး အိမ်နီး ချင်းနိုင်ငံများ ထက်မြင့်မားသည့် မြေဈေးများအဖြစ်ရှိနေရာ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ အတွက် ရင်းနှီးမြှုပ်နှံရေးအတွက်လည်း မြေဈေးနှုန်းကြီးမြင့်မှုသည် အတားအဆီးတစ်ခုဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ဦးသာဌေး က “ ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးလာရင် မြေဈေးကြီးတာကို သွယ်ဝိုက်ပြီးတော့ သက်ရောက်မှု ရှိမယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာရင် အထပ်မြင့်တွေတက်လာမယ်။ အထပ်မြင့်ဆောက် တာများလာရင် ဈေးနှုန်းမကျတောင် ထိန်းနိုင်မယ်။ သူများနိုင်ငံတွေလည်း နည်းပညာသစ်နဲ့ အထပ်မြင့် တွေဆောက်ရင်းနဲ့ ဈေးကိုထိန်းသွားတာပဲ။ မြေဈေးက အရမ်းတက်နေတော့ မြေကြီးပေါ်မှာ ဒီဈေးကို ထိန်းဖို့က ခက်တယ်လေ ” ဟု ပြောသည်။

ယခုအချိန်တွင် ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံများ၊ အထပ်မြင့်လူနေအိမ်ရာ ဆောက်လုပ်သည့် အရည်အတွက်မှာ နည်းပါးလွန်းနေသေးပြီး အထပ်မြင့်အဆောက်အအုံများကို ဆောင်လုပ်ရန် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် နည်းပညာပိုင်းဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပြည်ပလုပ်ငန်း ရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှသာ အထပ်မြင့်အဆောက်အအုံများပြားလာနိုင်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရွှေတိဂုံစေတီ ဧရိယာဝန်းကျင်၊ တိရစ္ဆာန်ဥယျာဉ်၊ ရန် ကုန်တိုင်းလွှတ်တော်ရုံးစသည့် ဧရိယာများ၌ အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ခြင်းကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီက တားမြစ် ကန့်သတ်ထားသည်။

No comments: