Friday, July 4, 2014

လင်မယားချင်းစကားများရာမှ ယောက်ျားက မိန်းမကို ချွန်ထက်သည့်အရာနှင့် ထိုးသတ်

ဖြိုးဝေလင်း

လမ်းမပေါ်တွင် လင်မယားချင်းစကားများ ရန်ဖြစ်နေရာမှ ယောက်ျားဖြစ်သူက မိန်းမကို ချွန်ထက်သော အရာဖြင့် ငါးချက်ထက်မနည်း ထိုးသတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၉ ရက်၊ ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု သန်လျင်မြို့မရဲစခန်း တာဝန်ကျ ရဲတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

“တရားခံကိုတော့ဖမ်းလို့မမိသေးပါဘူး။ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ ဆရာဝန်ရဲ့ ဆေးမှတ်တမ်းအရ ချွန်ထက်သောအရာလို့ပဲ မှတ်ချက်ပြုလို့ရပါသေးတယ်။ တရားခံကို မမိသေးတော့ဘာနဲ့ထိုး သွားလဲဆိုတာ ပြောလို့မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

ချွန်ထက်သည့်အရာနှင့် ထိုးသွင်းခံရသဖြင့် မဥမ္မာဝင်း၏ ယာရင်အုံပေါ်၊ ရင်သားကြား၊ ယာလက်ဖျံ၊ ယာ နံစောင်း၊ ယာဘက်ခါး နှင့် ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် တင်ပို့ကုသပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

“အခုအဲ့ဒီအမျိုးသမီးကဆုံးသွားပါပြီ။ အခင်းဖြစ်ပြီး သုံးနာရီကျော်ကျော်လောက် အကြာမှာဆုံးသွားတာ။ အခင်းဖြစ်တာက ၆ နာရီ ၁၅ မိနစ်ဖြစ်တာ။ သူဆုံးတာက ည ၉ နာရီ ၂၅ မိနစ်မှာဆုံးတာ”ဟု အထက်ပါ ရဲစခန်းမှ တာဝန်ကျရဲတပ်သားကပြောသည်။

သန်လျင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သစ်စက်လမ်းမရှိ သတ္တမမဉ္ဇသီလရှင်ကျောင်းရှေ့တွင် မဥမ္မာဝင်း (၃၈) နှစ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ စကားများရန်ဖြစ်နေကြပြီး ခင်ပွန်းဖြစ်သူက ချွန်ထက်သောအရာဖြင့် ခန္ဓာ ကိုယ်အနှံ့ ငါးချက်ထက်မနည်းထိုးခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်ခဲ့သူ ကုဋေဟန်ကို အရေးယူပေးပါ ရန် ဒု-ရဲအုပ်ကျော်ကျော်ဦး ၏ တရားလိုပြုတိုင်တန်းချက်ကို သန်လျင်မြို့မရဲစခန်းက (ပ)၄၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ကနဦး အမှုဖွင့်ထားပြီး မဥမ္မာဝင်းသေဆုံးသွားသည့်အချိန်တွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကာ ပြစ်မှု ကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

No comments: