Sunday, July 20, 2014

နိုင်ငံရေးတွင် အကြမ်းဖက်နည်းဖြင့် မဖြေရှင်းသင့်သည်ကို အာဇာနည်နေ့မှ နမူနာယူရမည်ဟု ဒေါ်စုပြော

နန်းလွင်နှင်းပွင့်

နိုင်ငံရေးလမ်းကြောင်းတွင် အကြမ်းဖက်သည့် နည်းလမ်း၊ လက်နက်ကိုင်သည့် နည်းလမ်းများဖြင့် ဖြေရှင်းခြင်းမှာ နည်းလမ်းမမှန်သည်ကို အာဇာနည်နေ့ ဖြစ်ပေါ်လာပုံမှ နမူနာယူရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က အာဇာနည်ကြီးတွေကို တကယ်ပဲ ကျေးဇူးတင်တယ်၊ တကယ်ပဲ အမှတ်တရဖြစ်တယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်တော့မှ အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ မဖြေရှင်းသင့်ဘူး၊ လက်နက်နည်းနဲ့ မဖြေရှင်းသင့်ဘူး၊ မှန်ကန်တဲ့ နည်းတွေနဲ့ ဖြေရှင်းသင့်တယ်” ဟု ပြောသည်။

နိုင်ငံသားများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်၍ နိုင်ငံရေး နှင့် လူမှုရေးဟူ၍ နှစ်ပိုင်းခွဲခြားကာ စူးစမ်းလေ့လာရမည် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးအနေဖြင့် အာဇာနည်နေ့အား စူးစမ်းကြည့်ပါက နိုင်ငံရေးတွင် လက်နက်ဖြင့် ဖြေရှင်းသည့်နည်း ၊ အကြမ်းဖက်သည့် နည်းလမ်းမှာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်း မဟုတ်၊ မမှန်ကန်သည်ကို သင်ခန်းစာယူရမည် ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်၊ လက်နက်ကိုင်သည့်နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှာ ယခင်က ရှိသကဲ့သို့ နောင်တွင်လည်း ရှိနိုင်ပြီး လက်ရှိတွင်လည်း ရှိနေသည်ဟု ပြောသည်။

အာဇာနည်နေ့အခမ်းအနားအား ကျင်းပရခြင်းနှင့် ပတ်သက်၍လည်း အများပြည်သူအနေဖြင့် အာဇာနည်နေ့ နှင့် ပတ်သတ်၍ မမေ့သင့်သည်များ၊ အာဇာနည် ဟူသည့် စကားလုံး၏ အဓိပ္ပာယ်များအား မမေ့စေရန် ဖြစ်ပြီး စူးစမ်းလေ့လာသင့်သည်များ အစပြုနိုင်ရန် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ပြည်သူလူထု ၂ဝဝဝ ဝန်းကျင်ခန့် ရောက်ရှိကာ အာဇာနည်ကြီးများအား လာရောက် အလေးပြုခြင်း၊ ပန်းစည်းများဖြင့် အာဇာနည်ကုန်းသို့ သွားရောက်ကာ အလေးပြုခြင်းများ ပြုလုပ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက် နားထောင်ကြသည်။

No comments: