ဖြိုးဝေလင်း
ပခုက္ကူ - ပေါက် အဝေးပြေးလမ်းမပေါ်တွင် ရှေ့တွင် သွားနေသည့် ကားကို ကျော်တက်ရာမှ ဆိုင်ကယ်ချင်း ချိတ်မိပြီး တီအီးကားအောက်သို့လဲကျကာ ကြိတ်မိသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်၊ ည ၇နာရီ ၀န်းကျင်က ပခုက္ကူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။
မကွေးတိုင်းအတွင်းရှိ ပခုက္ကူ-ပေါက် ဘီးခွန်ကောက်ခံရေးဂိတ်အနီးတွင် ယာဉ်မောင်း အောင်နိုင်ထင်(၃၅) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်သည် ရှေ့မှ တီအီးယာဉ်ကို ကျော်တက်ရာ တစ်ဖက်ယာဉ်ကြောမှ မမြင့်မြင့်သူ (၃၅)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ချိတ်မိခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆိုင်ကယ်ချင်းချိတ်မိပြီး အောင်နိုင်ထင် မောင်းနှင်လာသည့် ဆိုင်ကယ်သည် တီအီးယာဉ်မောင်းနှင်လာသည့်ဘက်သို့ လဲကျကာ တီအီးကား၏ နောက်ဘီးဖြင့် ဦးခေါင်းကို ကြိတ်မိခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ အောင်နိုင်ထင်နှင့် တီအီးယာဉ်ကို မောင်းနှင်သူ ဦးစန်းလွင်တို့ကို ပခုက္ကူ မြို့မ ရဲစခန်းက(ပ)၆၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄- က/၃၃၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးပတ်ကလည်း အရှိန်လွန်လာသည့် တီအီးကုန်တင်ယာဉ်သည် ရှေ့မှဆိုင်ကယ်ကို ၀င်တိုက်ကာ ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အသက် (၂၇)နှစ်အရွယ် အလယ်တန်းပြဆရာမတစ်ဦး၏ ဦးခေါင်းကို ကြိတ်မိသဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့ဖူးသည်။
No comments:
Post a Comment