ဇာနည်အောင်
တက္ကသိုလ်နှင့် ကောလိပ်များတွင် အခမဲ့အင်တာနက်စနစ်အသုံးပြုနိုင်ရေး ကမ္ဘာကျော်နည်းပညာကုမ္ပဏီများနှင့် သဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်နေပြီဖြစ်သည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။
ကမ္ဘာကျော်နည်းပညာကုမ္ပဏီများဖြစ်သည့် မိုက်ခရိုဆော့ကုမ္ပဏီနှင့် အင်တဲလ်ကုမ္ပဏီတို့က အခမဲ့ ကူညီမည်ဖြစ်သည်။
အဆိုပါကုမ္ပဏီများက တက္ကသိုလ်များတွင် အခမဲ့အင်တာနက် အသုံးပြုနိုင်ရန်နှင့် ပညာရေး ကောလိပ်များရှိ ဆရာ၊ ဆရာမများနှင့် အခြေခံပညာဦးစီးဌာန သုံးခုအောက်ရှိ ဆရာ၊ ဆရာမများကို နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချပေးမှုများကိုလည်း အဆိုပါကုမ္ပဏီများက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
“ရန်ကုန်တက္ကသိုလ်ကျောင်းတွေမှာ စနိုင်ဖို့အရင်လုပ်မယ်။ ကူညီပေးရေး အစီအစဉ်တွေကိုတော့ သေချာ ဆွေးနွေးနေတုန်းပဲ။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ ၀န်ကြီးဌာနနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာနတို့က အစီစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးကိုလေးဝင်းက ပြောသည်။
မိုက်ခရိုဆော့ကုမ္ပဏီမှ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များရှိ ဆရာ၊ ဆရာများနှင့် အခြေခံပညာဦးစီးဌာနအောက်ရှိဆရာ၊ ဆရာများကို နည်းပညာဆိုင်ရာ သင်တန်းကို သြဂုတ်လတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
နည်းပညာပိုင်းဆိုင်ရာ သင်တန်းကာလမှာ ရက်သတ္တပတ်တစ်ပတ်ဖြစ်ပြီး ပညာရေးကောလိပ်ရှိ ဆရာ၊ ဆရာမ ၄၀ ခန့် စတင်တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ဒဂုံတက္ကသိုလ် ဆရာဒေါက်တာအာကာမိုးသူက “ရုံးခန်းနဲ့ အနီးပတ်ဝန်းကျင်ကတော့ အင်တာနက် အခမဲ့ သုံးနိုင်တယ်။ သူတို့အနေနဲ့ တပ်ပြီးရင် ပြီးတာပဲဆိုပြီး ပြစ်ထားလိုက်မယ်ဆိုရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး”ဟု ပြောသည်။
ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမ အဆောင်များ၊ စာသင်ခန်းများနှင့် ဌာနများအတွင်း အင်တာနက်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ဦးကိုလေးဝင်းက ပြောသည်။
CESR မှ အမျိုးသားအဆင့်ပညာရေး ကျွမ်းကျင်ပညာရှင် ဦးတင်လှိုင်က “ဆရာတော်တော်များက နည်းပညာဆိုင်ရာ အသုံးပြုတတ်မှု အားနည်းနေသေးတယ်။ ပညာရေး ကဏ္ဍမြှင့်တင်မယ်ဆိုရင် ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကအဓိက အရေးပါပါတယ်”ဟုပြောသည်။
လက်ရှိတွင်ပညာရေးကောလိပ်ပေါင်း ၂၁ ကျောင်းရှိပြီး တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်၊ ဒီဂရီ ၁၆၈ ခုရှိပြီး ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ၆၁ ခု၊ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနတွင် ၁၅ ခု၊ ကျန်ကျောင်းများကို ၀န်ကြီးဌာန ၁၀ ခုမှ အုပ်ချုပ်လျက်ရှိသည်။
No comments:
Post a Comment