Sunday, July 6, 2014

ကျောင်းများတွင် လုံခြုံရေး လုံးဝစိတ်ချစေရမည်ဟု နယ်လုံဝန်ကြီး ကတိပြု

မျိုးသန့်

မန္တလေးမြို့တွင် ဇွန် ၁ ရက်က စတင်ခဲ့သော ပဋိပက္ခဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး ကျောင်းသားမိဘများ လုံခြုံရေးအတွက် လုံးဝစိတ်ချစေရမည်ဟု မန္တလေးတိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဇူလိုင် ၃ ရက် နံနက် ၉ နာရီက တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြောသည်။

“ကျောင်းဘက်တွေမှာဖြစ်ပွားတဲ့အသံကြားသိရတာ မရှိပါဘူး။ လုံခြုံရေးအတွက်လည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ စိုးရိမ်စရာလည်းမရှိပါဘူး။ ကျောင်းတွေအတွက် ကျွန်တော်တို့ဘက်က အာမခံပါတယ်။ ကောလာဟလတွေဖြန့်တဲ့ စကား တွေကြားရင်လည်း ပြည်သူတွေအနေနဲ့ ချင့်ချိန်ပြီး ယုံစေချင်ပါတယ်” ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

လုံခြုံရေးအတွက် မန္တလေးမြို့ ရဲတပ်ရင်းနှစ်ရင်းနှင့် အခြားသော အထောက်အကူပြုအဖွဲ့အစည်းများဖြင့် လုပ်ဆောင်နေကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများကိုလည်း ဖမ်းဆီးအရေးယူမှုနှင့် ဆက်စပ်ဖမ်း ဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း၊ သတင်းမှန်၊ သတင်းမှားများကိုလည်း ပြည်သူများက ချင့်ချိန် ယုံကြည်ကြစေလိုသည်ဟု ဆိုသည်။

“လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနေနိုင်ပါတယ်။ ကျောင်းတွေမှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာ တွေမရှိပါဘူး။ အေးချမ်းမှုရှိပါတယ်” ဟု ၀န်ကြီးကပြောသည်။

ထို့ပြင် သာမန်အမှု ကျူးလွန်ခြင်းကို အရေးယူရမည့်ကိစ္စ ဖြစ်ပေါ်ခြင်းကို အင်တာနက်မီဒီယာတွင် ဖော်ပြခဲ့ ရာမှတစ်ဆင့် ဆူပူအုံကြွမှုဖြစ်လာရခြင်းဖြစ်ကြောင်း၊ ဆူပူအုံကြွမှု ကျူးလွန်သည့်သူများကိုလည်း ဖမ်းဆီးဖို့ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိရောက်သည့် ပြစ်မှုမျိုးကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဇူလိုင်၂ရက် ညတွင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ ဆူပူအုံကြွမှုအတွက် လူလေးဦးကိုဖမ်းဆီး အရေးယူထားသည်ဟု ရှင်းလင်းပွဲတွင် ပြောသည်။

အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရန်ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့များ၊ ပြည်သူများအထောက် အကူပြု အဖွဲ့အစည်းများပူးပေါင်း၍ နယ်မြေအေးချမ်းမှုရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ညပိုင်းတွင် နယ်မြေအလိုက် လုံခြုံ ရေးများကို ထိရောက်စွာထားရှိမည်ဖြစ်ပြီး နေ့လယ်ဘက်တွင်လည်း ပြည်သူလူထု လုံခြုံမှုရှိစေရန်အတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ပျံ့နှံ့ကူးစက်ခြင်းမရှိစေရန် လုပ်ဆောင်နေကြောင်း ၀န်ကြီးက ပြောကြားသွားသည်။

ဇွန်၂၈ရက်က မုဒိမ်းကျင့်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးရာမှ လူစုလူဝေးဖြစ်ကာ အကြမ်းဖက်မှုအသွင်ဆောင်ပြီး စတင်ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့စဉ်က မန္တလေးတိုင်း ရဲမင်းကြီးက ပြောသည်။

No comments: