Saturday, July 5, 2014

၄၃၆ ပြင်ရေးလှုပ်ရှားမှုသည် ဖွဲ့စည်းပုံကော်မတီအပေါ် သြဇာသက်ရောက်မှုရှိမည်မဟုတ်ဟု သူရဦးရွှေမန်းပြော

ဝင်းကိုကိုလတ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း၁၂ ပါပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒကောက်ယူမှုများသည် ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားသော ကော်မတီအပေါ် သြဇာသက်ရောက်မှုရှိမည်မဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်သူ သူရဦးရွှေမန်းက“ဒီဟာကတော့ အင်န်အယ်လ်ဒီအဖွဲ့ချုပ်က သူ့ဆန္ဒ၊ သူ့သဘောထားနဲ့ လုပ်တာဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ်တော့ သိပ်ပြီးတော့ သြဇာသက်ရောက်နိုင်မယ့် အနေအထားမရှိပါဘူး”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ဇမ္ဗူသီရိဆောင်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အင်န်အယ်လ်ဒီပါတီ၏ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီကို မည်ကဲ့သို့ အထောက်အကူပြုနိုင်ပါသလဲဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့စည်းခဲ့တယ်။ အဲဒီအစီရင်ခံစာပေါ် မူတည်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ပြောင်းလဲရေးလုပ်ငန်းဆိုင်ရာ ကော်မတီဖွဲ့စည်းတယ်။ သူတို့အဖွဲ့အတွက်လည်း မူဝါဒတွေ ပေးထားတာရှိတယ်”ဟု ဆိုသည်။

၎င်းက “နောက်ဆုံးဥက္ကဋ္ဌအနေနဲ့ နာယကအနေနဲ့ မူဝါဒ အကြံပေးသင့်တာလည်း ပေးထားပါတယ်။ အဲဒီဘောင်အတွင်း လုပ်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လုံလောက်တဲ့အနေအထား ရှိပါတယ်”ဟု ဖြည့်စွက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ အင်န်အယ်လ်ဒီပါတီ၊ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွှန့်က လက်ရှိ ၃၁ ဦးကော်မတီသည် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်သဖြင့် ပြည်သူလူထု၏ လက်မှတ်များဖြင့် တောင်းဆိုခြင်းသည် သြဇာသက်ရောက်မှု ရှိမည်မဟုတ်ဟု သူရဦးရွှေမန်း၏ ပြောကြားချက်သည် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

သို့သော် ၎င်းက “အဲဒီကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးရမယ်ဆိုတော့ ပြည်သူ့ဆန္ဒသဘောထားက လွှတ်တော်ပေါ် သြဇာတိုက်ရိုက်သက်ရောက်လို့ရတယ်။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံလွှတ်တော်အသံ ဖြစ်မလားဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပေါ့ဗျာ”ဟု ဖြည့်စွက်ပြောသည်။

အင်န်အယ်လ်ဒီပါတီနှင့် ၄၃၆ ပြင်ဆင်ရေးလူထု လက်မှတ်ကောက်ယူခြင်းကို ပူးတွဲလုပ်ကိုင်နေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီကမူ “လွှတ်တော်ပေါ်မှာ သြဇာသက်ရောက်ချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို လေးစားအောင်လုပ်နေတာပါ”ဟု တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

အခြေခံဥပဒေအရ ဖွဲ့စည်းပုံပြင်လိုလျှင် ပုဒ်မ ၄၃၆ ကို လိုက်နာရမည်ဖြစ်ပြီး အနိမ့်ဆုံးအားဖြင့် လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်သည်။ အချို့သော ပုဒ်မများဆိုလျှင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးမှသာ ပြင်ဆင်နိုင်မည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် NLDနှင့် ၈၈ တို့က အဆိုပါပုဒ်မပါ ကန့်သတ်ချက်များကို ဦးစွာ ပြင်ရေးဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments: