Friday, July 18, 2014

ကေအန်ယူအရေးပေါ်အစည်းအဝေးအပြီး ဥက္ကဋ္ဌအပါအဝင် ငါးဦးကို လိုင်ဇာညီလာခံတက်ရန် ရွေးချယ်

ဖနိဒါ

ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တိုင်းရင်းသားထိပ်သီးအစည်းအဝေး (လိုင်ဇာအစည်းအဝေး)သို့ တက်ရောက်မည့် ကိုယ်စားများအဖြစ် ကေအန်ယူဥက္ကဋ္ဌ အပါအဝင် ငါးဦးကို ကေအန်ယူ၏ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအပြီးတွင် ရွေးချယ်လိုက်သည်။

"သူတို့ထွက်ရမယ့်နေ့ကတော့ အတိအကျမသိသေးဘူး။ သတ်မှတ်တဲ့ရက်ကို အရောက် စီစဉ်ပြီးတော့ သွားမှာဖြစ်တယ်၊ သူတို့က NCCT နဲ့ အစိုးရ ဆွေးနွေးချက်တွေ အပေါ်မှာ KNU ရပ်တည်ချက် သဘောထားတွေကို ယူသွားမှာ ဖြစ်တယ်"ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှထွန်းက မဇ္ဈိမကို ပြောသည်။

ကေအန်ယူ၏ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကရင်ပြည်နယ် ဘားအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် သုံးရက်ကြာ ကျင်းပခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ဇူလိုင်လ ၂၄ မှ ၂၆ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည်ဖြစ်သည်။

ထို့ပြင် ယင်းထိပ်သီးအစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့ ရေးဆွဲထားသည့် ဒုတိယ အပစ်ရပ်မူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်သည်။

ကေအန်ယူ၏ အရေးပေါ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်သည့် အခြေခံမူများ၊ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်သွားမည့် အချက်များအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ရန်စသည့် အချက်များကိုလည်း ဆွေးနွေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှထွန်းက မဇ္ဈိမကို ပြောသည်။

"NCCT ရဲ ဒုတိယမူကြမ်းကို သုံးသပ်တယ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြတန်းခွင့်ကို အခြေခံတဲ့ မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံတည်ထောင်သွားမယ်ဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်အပေါ်မှာပေါ့။ ဆွေးနွေးနေတဲ့ နိုင်ငံရေး Process ပေါ်မှာ ဆက်လက်သွားမယ်”ဟု ၎င်းက ပြောသည်။

KNU ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များသည်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပြီးခဲ့သည့်လက နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးစဉ် လာမည့် သြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်အခတ် လက်မှတ်ထိုးရန် သဘောတူခဲ့သည်။

ယခုအကြိမ် ကျင်းပမည့် တိုင်းရင်းသားများ၏ လိုင်ဇာထိပ်သီးအစည်းအဝေးမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်သည် ကေအိုင်အေဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်က ကေအန်ယူဌာနချုပ် လော်ခီးလာတွင် ကျင်းပခဲ့သည်။

No comments: