Monday, July 14, 2014

မှော်ဘီ ကြည်းတပ်ပိုင်မြေပေါ်မှ အိမ်ခြောက်လုံးကို တပ်က ဖျက်ဆီး

ခင်မြတ်မြတ်ဝေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အင်းလျှက်ကျေးရွာအုပ်စုမှ ခလရ (၉၁) (ကြည်း) ခြေလျင်တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ် ခြောက်လုံးကို ယင်းတပ်က ဇူလိုင်လ ၁၁ရက်နှင့် ၁၂ရက်တွင် ဖျက်ဆီးခဲ့သည်ဟု အိမ်ဖျက်ခံရသူ မဖြူက မဇ္ဈိမကို ပြောသည်။

"သူတို့မြေပေါ်မှာ အရပ်သားမထားဘူးလို့တပ်ရင်မှူးက ပြောတယ်။ ဖျက်ဖို့ကို ၄၊၅ကြိမ်လောက်ပြောတယ်။ မနေ့က၄လုံး ဖျက်တယ်၊ ဒီနေ့၂လုံးကို ကားတိုက်ထုတ်ပြီး ဖျက်လိုက်တယ်" ဟုပြောသည်။

မှော်ဘီမြို့နယ်၊ အင်းလျှက်ကျေးရွာအုပ်စု၊ ရေပြာကျေးရွာရှိ နေအိမ်ဖျက်ဆီးခံရသည့် အိမ်ထောင်စု ၆ဦးတို့သည် ယင်းတပ်ရင်းအား တစ်လလျှင် တစ်အိမ်ထောင်ကို ၅ထောင်နှုန်းဖြင့် ပေး၍ နေခဲ့ကြသည်ဟု မဖြူကပြောသည်။

ဖျက်ဆီးခံခဲ့ရခြင်းကြောင့် "အခုကနေစရာမရှိဘူး ဒုက္ခရောက်နေတယ်။ ဘုန်းကြီးကျောင်းမှာနေကြတယ်။ ဖျက်ခံရတဲ့သူတွေက အဒီနေရာမှာနေတာ ၉နှစ် ၁၀နှစ်ရှိပြီး"ဟုဒေသခံ ကိုဝင်းကိုက ပြောသည်။

No comments: