Friday, July 25, 2014

တရုတ်ကုန်သည်များ မြန်မာဆန်ကို ပြည်တွင်းကုန်သည်များမှ မဝယ်ယူဘဲ တိုက်ရိုက် ဝယ်ယူတင်ပို့လာ

သီဟကိုကို

တရုတ်ကုန်သည်များ မြန်မာဘက်ခြမ်းမှဆန်များကို ပြည်တွင်း၌ အဝယ်တော်များထားကာ ဥပဒေအရ တရားဝင်ခွင့်ပြုချက်မယူဘဲ ဝယ်ယူမှုများ ပြုလုပ်လာနေသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦး က မဇ္စျိမ ကို ပြောသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကောက်ပဲသီးနှံများပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းကို ကန့်သတ်ချက် အနေဖြင့် တိုင်းရင်းသားလုပ်ငန်းရှင် ဖက်စပ်အဖြစ် ၄ဝ ရာခိုင်နှုန်းပါဝင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဥပဒေအရပြဋ္ဌာန်းထားသော်လည်း တရုတ်ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံသားနှင့် ဖက်စပ်ဆောင်ရွက်ခြင်း မဟုတ်ဘဲ မြန်မာကုန်သည်ပုံစံမျိုးဖြင့် မန္တလေးအထိ ဆန်များကို တိုက်ရိုက်ဝယ်ယူတင်ပို့နေသည် ဟု ဒေသခံဆန်ကုန်သည်များက ပြောသည်။

ဦးချမ်းသာဦး က " တရုတ်က မြန်မာကုန်သည်တွေကနေ ဆန်ကိုမဝယ်တော့ဘဲနဲ့ သူတို့ဘာသာ တိုက်ရိုက်ဆင်းဝယ်နေတယ်။ ဒါကို ဥပဒေအရလည်း ခွင့်ပြုထားခြင်းမရှိပါဘူး။ ရင်းနှီးမြှပ်နှံမှုဥပဒေအရ ဆောင်ရွက်မှလည်း နိုင်ငံတော်ကအခွန်အခရမှာ။ အခုက အဲဒီလိုမဟုတ်ဘဲ မန္တလေးဘက်မှ အဝယ်တော် ထားပြီး ဝယ်တာမျိုးလုပ်နေတယ် ” ဟု ပြောသည်။

တရုတ်ကုန်သည်များ မြန်မာဘက်ခြမ်းမှ ဆန်များကို တိုက်ရိုက်ဝယ်ယူကာ တရုတ်ပြည်ဘက်သို့ တင်ပို့ နေခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သို့ တိုင်ကြား ထားသည် ဟု ၎င်းက ပြောသည်။

ဦးချမ်းသာဦး က “ ဒီလပိုင်းတွေမှာ တဖြည်းဖြည်းများလာတယ်။ သူတို့ကို အခုနေ မတားဆီးဘူးဆိုရင် နောင် ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ပိုများလာဖို့ ရှိတယ်။ အခုက စလာတဲ့အခြေအနေပဲ။ မြန်မာကုန်သည်တွေက တစ်အိတ်ကိုငါးရာ/တစ်ထောင်(ကျပ်) မြတ်ချင်ရင်မြတ်မယ်။ အဲဒီအကျိုးစီးပွားကို မြန်မာနိုင်ငံသားနည်းတူ လိုချင်လို့ လုပ်လာတာပဲ ” ဟု ပြောသည်။ တရုတ်ကုန်သည်များသည် ယခင်က မြန်မာကုန်သည်များထံမှ ဆန်များကို ဝယ်ယူနေသော်လည်း ယခုနှစ် အတွင်း၌ မြန်မာကုန်သည်ထံမှ မဝယ်ယူဘဲ တိုက်ရိုက်ဝယ်ယူနေမှုများ စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်များကို တရုတ်နိုင်ငံသို့ နှစ်စဉ် အများဆုံးတင်ပို့နေပြီး ပြည်ပတင်ပို့သည့်ဈေးကွက်၏ ၇ဝ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

No comments: