Saturday, July 19, 2014

မာစတာစပို့ ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ခန့် ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြ

ခင်မြတ်မြတ်ဝေ

ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံပိတ်သွား၍ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၀၀ ခန့်က လစာနှင့် နစ်နာကြေးများရရှိရန် ဇူလိုင် ၁၇ ရက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံရှေ့မှ နံနက် ၈ နာရီမှ စတင်လမ်း လျှောက်ကာ ဗဟန်းမြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့တွင် နေ့လယ် ၂ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့သည်။

စက်ရုံ ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်ရှင်က အလုပ်သမားများကို ဇွန်လအတွက် လုပ်ခလစာထုတ်မပေးသည့်အပြင် ကြိုတင်အကြောင်းကြားဘဲ အလုပ်ရပ်နားလိုက်ခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းက မဇ်္ဈိမကို ပြောသည်။

ဆန်္ဒပြအလုပ်သမားများက “ဇွန်လအတွက် လုပ်ခလစာ အမြန်ဆုံးရရှိရေး ဒို့အရေး”၊ “ဥပဒေနှင့်ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို အရေးယူပေးရေး ဒို့အရေး”၊ “အလုပ်ပိတ်နစ်နာကြေး ခံစားခွင့်ရရှိရေး ဒို့အရေး” စသည့် အချက်ရှစ်ချက်ဖြင့် တောင်းဆို၍ ဆန္ဒပြခဲ့သည်။

ဆန္ဒပြအလုပ်သမား မစန်းသီတာက “ကိုရီးယားသံအမတ်ကလည်း ဖြေရှင်းပေးဖို့ကို မျှော်လင့်လို့ ဆန္ဒပြတောင်းဆိုတာပါ”ဟု မဇ္ဈိမကို ပြောသည်။

Master Sports စက်ရုံအရေးကို ဇူလိုင်လ ၁၈ ရက်တွင် သမ္မတအပါအ၀င်၊ ရှေ့နေချုပ်၊ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာန၊ လွှတ်တော်ဥက္ကဋ္ဌများထံ စာတင်သွားမည်ဟု အလုပ်သမားများကို အကူအညီပေးနေသည့် ရှေ့နေဦးဌေးက ပြောသည်။

ယင်းစက်ရုံသည် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားခြင်းမရှိဘဲ စက်ရုံ ပိတ်လိုက်ခြင်းသည် “မြန်မာနိုင်ငံအလုပ်သမားဥပဒေကို ချိုးဖောက်ရာလည်းရောက်သည်ဟု ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမား ဒုတိယတာဝန်ခံ ဒေါ်မာမာဦးက ဆိုသည်။

Master Sports ဖိနပ်စက်ရုံတွင် ဆက်လက်လည်ပတ်ရန် ကုန်ကြမ်း မလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ကြောင်း စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ ရက်က အလုပ်သမားများကို အသိပေးခဲ့သည်ဟု အလုပ်သမား ကိုကျော်စွာက ဆိုသည်။ ဒေါ်ခင်ထွေးကို မဇ္ဈိမက မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

Master Sports ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄ နာရီအထိ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။

ဇွန် ၃၀ ရက်က လုပ်ခလစာနှင့် နစ်နာကြေးပေးရန် ညှိနှိုင်းခဲ့ရာတွင် စက်ရုံပိုင်ရှင် တောင်ကိုရီးယာ နိုင်ငံသားမှာ ပြည်ပသို့ ရောက်ရှိနေသဖြင့် အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးကို ဇူလိုင် ၅ ရက်မှ ၁၀ရက်အတွင်း ဖြေရှင်းပေးမည်ဟု အလုပ်ရှင်ကကတိ ပေးခဲ့သည်ဟု အလုပ်သမားများက ပြောသည်။ သို့သော် ယနေ့အချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးပေ။

ယင်းအပြင် စက်ရုံက ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်က အလုပ်သမား ၅၈ ဦးခန့်ကို ချိန်းဆိုကာ လစာတစ်လစာပေး၍ စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

ထိုစက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာမှာ ခုနစ်သောင်းဝန်းကျင် ရရှိပြီး အဆင့်မြင့်ဝန်ထမ်းများ၏ အခြေခံလစာမှာ ၁၄၀,၀၀၀ မှ စ၍ ၁၈၀,၀၀၀ ၀န်းကျင် အထိ ရှိသည်။

ကိုရီးယားသံရုံးရှေ့တွင် Master Sports စက်ရုံလုပ်သားများ ဆန်္ဒပြရာတွင် အခြားစက်ရုံမှ အလုပ်သမားသမဂ္ဂ၊ မြို့နယ်များရှိ အလုပ်သမားသမဂ္ဂများက ပူးပေါင်းပါဝင်ခဲ့သည်။

ယင်းသို့ ဆန္ဒပြရန် ဖြတ်သန်း လမ်းလျှောက်မည့် မြို့နယ်အသီးသီးထံမှ ခွင့်ပြုမိန့်ရထားပြီးလည်း ဖြစ်သည်။

Master Sports ဖိနပ်စက်ရုံမှာ ၂၀၁၃ ခုနှစ်၊ ဇွန်လကမှ ဖွင့်ထားခြင်းဖြစ်ပြီး စက်ရုံ သက်တမ်းတစ်နှစ်ခန့်သာ ရှိသေးသည်။

No comments: