ဝင်းကိုကိုလတ်
ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံပိတ်သွားသည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသည့် မြန်မာလုပ်သား ၈ဝဝခန့်ကို အခြားဖိနပ်စက်ရုံများတွင် အလုပ်အကိုင်ရှာဖွေပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောသည်။
၎င်းက “သူတို့တွေ(အလုပ်သမား)အလုပ်ပြန်ရဖို့ ကျွန်မတို့ဌာနက လုပ်ပေးနေပါတယ်၊ အခြားဖိနပ်စက်ရုံတွေမှာ အလုပ်သွင်းပေးဖို့ ညှိနှိုင်းနေပါတယ်" ဟု ဇူလိုင်လ ၂၂ရက်က ပြည်သူ့လွှတ်တော် ခေတ္တနားချိန်၌ သတင်းထောက်အချို့ကို ပြောကြားခဲ့သည်။
“ကျန်ခဲ့ရင်လည်း ကျွန်မတို့ဝန်ကြီးဌာနက ရအောင်လုပ်ပေးမှာပါ"ဟု ဖြည့်စွက်ပြောသည်။
၎င်းအနေဖြင့် ဇူလိုင်လ ၂၁ရက်ကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်သို့သွားရောက်ကာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အသေးစိတ်အကြောင်းအရာများကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
အဆိုပါ ကိုရီးယားဖိနပ်စက်ရုံသည် ကုန်ကြမ်းပစ္စည်းမလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ဟု စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ ရက်တွင် အလုပ်သမားများကို အသိပေးခဲ့ပြီး အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများက ဇူလိုင်လ ၁၇ရက်က လှိုင်သာယာရှိ စက်ရုံရှေ့မှ ကိုရီးယားသံရုံးရှေ့သို့ လမ်းလျောက်ကာ သံရုံးရှေ့တွင် လစာနှင့် နစ်နာကြေးများ ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာန လေးခုအနက် သုံးခုက အလုပ်ရှင် မစ္စတာဘန်အင်ဟိုကို ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားပြီး ယင်းပုဒ်မများမှာ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်း ကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် လူမှုဖူလုံရေးဥပဒေတို့ဖြစ်သည်ဟု ဒု-ဝန်ကြီးက ဆိုသည်။
No comments:
Post a Comment