ရေခဲ(ပြည်)
ပဲခူးတိုင်း ပြည်မြို့တွင် ၆၇ကြိမ်မြောက် အာဇာနည်နေ့၌ အခမ်းအနားမပြုလုပ်ရန် အာဏာပိုင်များက တားမြစ်ထားသည့် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင်သာ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းအသီးသီးက လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့သည်။
ပြည်မြို့အာဏာပိုင်များက ခေတ္တရာမြို့သစ် မီတာ(၄ဝဝ)အားကစားကွင်းတွင်သာ ပန်းခွေချအလေးပြုခြင်း အခမ်းအနားပြုလုပ်ရန် နှင့် မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပန်းခွေချ အလေးပြုခြင်း ပြုလုပ်ပါက ဒေသန္တရအမိန့် ပုဒ်မ(၁၈၈) ဖြင့် အရေးယူမည်ဟု အမိန့်ထုတ်ပြန် ထားသည်။
သို့သော် ပြည်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ အင်အား(၄ဝဝ)ကျော်၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အင်အား(၅ဝ)ခန့်သည် ဗိုလ်ချုပ်ကျောက်ရုပ်သို့ချီတက်ကာ လွမ်းသူပန်းခွေချ အလေးပြုခဲ့ပြီး သတ်မှတ်ထားသော အားကစားကွင်းသို့ မသွားခဲ့ဟု အဖွဲ့အသီးသီးက တာဝန်ရှိသူများက ပြောသည်။
"မနှစ်က ကျွန်တော်တို့ ဘောလုံးကွင်းထဲမှာ ပန်းခွေချတယ်။ ပန်းခွေချပြီးပြန်တာနဲ့ စည်ပင်သာယာက အမှိုက်ကားနဲ့ လာသယ်သွားတာ။ ဒါမျိုးတွေပြန်သိနေတဲ့အခါကျတော့ စိတ်မကောင်းဘူးပေါ့နော်။ ဒီနှစ်ကျတော့ ဗိုလ်ချုပ်ကျောက်ရုပ်မှာ ဂါရဝပြုပြီး ရုံးမှာပဲတစ်နေကုန်အောင် ပန်းခွေထားမယ်" ဟုပြည်မြို့နယ် NLDသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဥာဏ်ဝင်းက ပြောသည်။
ယင်းအပြင် လွှတ်တော်ပြင်ပ နိုင်ငံရေးသမားများအဖွဲ့ ၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့၊ ပြည်ခရိုင် ပြည်သူပြည်သားများအဖွဲ့၊ အနောက်လခုပ္ပင် ပြည်သူလူထုများအဖွဲ့ တို့ကလည်း ဗိုလ်ချုပ်ကျေးရုပ်သို့ချီတက် လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ပြီး သတ်မှတ်ထားသည့် နေရာသို့ မသွားကြောင်း ယင်းအဖွဲ့များကို ဦးဆောင်ချီတက်သူ ကိုဝင်းလှိုင်က ပြောသည်။
ထို့အပြင် ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပေါင်းစုံအဖွဲ့ ၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) ၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ လက်တွဲကူမယ်ပြည်လူငယ် စသည့်အဖွဲ့များမှလည်း အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ၁ဝနာရီ၃၇မိနစ် အချိန်ကိုက် ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့ အရောက်ချီတက်ခဲ့ကြပြီး ပန်းခွေချအလေးပြုခြင်းကို စုပေါင်းပြုလုပ်ခဲ့ကြသည်။
အဖွဲ့အစည်းအသီးသီးက ဗိုလ်ချုပ်ရုပ်ထုရှေ့တွင် ၁ဝနာရီ ၃၇မိနစ်၌ ဥသြဆွဲကာ ငြိမ်သက် အလေးပြုခဲ့ကြသည်။
သတ်မှတ်ထားသည့် ခေတ္တရာမြို့သစ် မီတာ ၄ဝဝ အားကစားကွင်းတွင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံခိုင်ရေးပါတီဝင်များ၊ မီးသတ်၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများက လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။
ယခင်နှစ်က တားမြစ်နေရာတွင် ကြယ်ပုံသဏ္ဍန်ပန်းခွေချထားသူ ကိုသိန်းမင်းစိုးကို ပုဒ်မ(၁၈၈)ဖြင့် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တရားလိုလုပ် တရားဆွဲဆိုခဲ့သည်။
No comments:
Post a Comment