Saturday, July 19, 2014

ပြည်မြို့၌ အာဇာနည်နေ့ ပန်းခွေ၊ပန်းခြင်း ချသည့်နေရာ သတ်မှတ်ပြီး မလိုက်နာပါက ဒေသန္တရအမိန့်ဖြင့် အရေးယူမည်

ရေခဲ(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အာဇာနည်နေ့၌ သတ်မှတ်ထားသော နေရာတွင်သာ ပန်းခွေ၊ ပန်းခြင်းချ အလေးပြုခြင်း ပြုလုပ်ရန်နှင့် မလိုက်နာပါက ဒေသန္တရဥ ဥပဒေ ပုဒ်မ(၁၈၈)အရ အရေးယူသွားရန် အမိန့်ထုတ်ပြန်မည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက ပြောသည်။

"မြို့နယ်အုပ်ချုပ်ရေးက ထုတ်တာ။ ကိုယ်တို့ဆီ မရောက်သေးဘူး။ အာဇာနည်နေ့အတွက် ခုနက အစည်းအဝေးလုပ်ပြီး အမိန့်ထုတ်တယ်။ ကန့်သတ်ထားတဲ့ စည်းကမ်းချက်လေးပါပဲ" ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက ဆိုသည်။

ဒေသန္တရအမိန့် ပုဒ်မ(၁၈၈)ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဒဏ် (၆)လ ဖြစ်စေ၊ ငွေဒဏ်တစ်ထောင်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်သည်။ ထိုအမိန့်ကို ပြည်မြို့၌ အာဇာနည်နေ့တိုင်း ထုတ်ပြန်ခဲ့သည်ဟု ပြည်မြို့ရှိ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

"အဲဒီလိုနှစ်တိုင်းကြေငြာတယ်။ မနှစ်က အဲလိုကြေငြာလို့ ငါတောင် ပန်းစည်းသွားချလိုက်တယ်။ ဒီနှစ်တော့ ပန်းစည်းတောင် စည်းကမ်းချက်ထဲ ပါမယ်ထင်တယ်" ဟု ၎င်းက ပြောသည်။

(၈၈)မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှဦးသော်က ကလည်း "ကျွန်တော်တို့ကတော့ ရုံးမှာလူစုပြီး အဲဒီကနေလူစုံပြီဆိုရင် မြင်းစီးကျောက်ရုပ်ကိုထွက်မယ်။ တခြားအဖွဲ့တွေလို မြင်းစီးကျောက်ရုပ်ကနေပြီး စီတန်းချီတက်မယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဆိုင်ကယ်တွေကို ဟွန်းတီးဖို့ အစီအစဉ်ရှိတယ်" ဟုပြောသည်။

ယမန်နှစ် ၆၆နှစ်မြောက် အာဇာနည်နေ့က ခေတ္တရာမြို့သစ် အားကစားကွင်းတွင်သာ အခမ်းအနားပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပြည်မြို့နယ် အဖွဲ့အစည်း အသီးသီးက ဗိုလ်ချုပ်ကျောက်ရုပ်တွင်သာ အလေးပြုခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပန်းခွေချသည့် သိန်းမင်းထွန်းကို ပုဒ်မ ၁၈၈ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တရားလိုပြုကာ တရားစွဲဆိုခဲ့သေးသည်။

No comments: