ဖြိုးဝေလင်း
အစိုးရက စလစ်ဈေးကို ထိန်းချုပ်ရန် ဇုန်ထုတ်လိုက်ထရပ် တစ်တန်ကားများ အပ်နှံပြီး ရရှိလာသည့် စလစ်ဖြင့် အိမ်စီးကားများ တင်သွင်းခွင့်ကို ဇူလိုင်လ ၁၆ ရက်တွင် စတင်ခွင့်ပြုလိုက်သည်ဟု ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရောင်းချနေသူများက ပြောသည်။
ဇုန်ကားများ စတင်အပ်နှံခွင့်ပြုသည့် အချိန်တွင် ဇုန်ထုတ်လိုက်ထရပ်တစ်တန် ကားများအပ်နှံပြီးရရှိလာ သည့် စလစ်ဖြင့် လုပ်ငန်းသုံးထရပ်ကားများကိုသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ပြီး ယခုအိမ်စီးကား တင်သွင်းခွင့်ကိုပါ ပြောင်းလဲခွင့်ပြုလိုက် ခြင်းဖြစ်သည်။
“ အခုလို လုပ်ပေးလိုက်တော့ စလစ်ဈေးက တက်လာဖို့ကိုလမ်းမမြင်တော့ဘူး။ ဇုန်ကားတင် အစီးရေ ခုနစ်သောင်းကျော် လောက် ရှိတာဆိုတော့ စလစ်ဈေးက ငြိမ်နေဦးမှာပဲ။ အဓိကကတော့ စလစ်ဈေးကို ထိန်းလိုက်တဲ့သဘောပါပဲ ” ဟု မင်းရဲကျော်စွာ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ၀ါရင့်ကားဝယ် ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အက္ခရာများအပ်နှံခွင့်ပြုစဉ် အချိန်က ဈေးကစားလိုသူများသည် နောက်လာမည့်အက္ခရာ ကား များကို ၀ယ်ယူစုဆောင်းထားကြသဖြင့် ယခုကဲ့သို့လုပ် ဆောင်ရခြင်းမှာ လှောင်လက်တွေကိုပါ ထိန်းချုပ် လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ အခုလို လုပ်လိုက်တာက စလစ်ဈေးတက်မလာအောင်ရယ်၊ လှောင်လက်တွေ နည်းသွားအောင်ရယ် လုပ်တဲ့သဘောပါ။ အရင်က အက္ခရာတစ်ခု မကြေညာခင် ကြိုသိမ်းထားကြတဲ့သူတွေရှိတယ်လေ ” ဟု ၎င်းက ပြောသည်။
အစိုးရသည် ပြည်တွင်းစက်မှုဇုန်ထုတ်ယာဉ်များကိုအပ်နှံပြီး အစားထိုးတင်သွင်းရာတွင် CIF ၁၅,၀၀၀ ဒေါ်လာနှင့်အောက်ကားများကို တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အခွန် ၂၀ ရာခိုင်နှုန်းသက်သာခွင့် ပြုသည်။
စက်မှုဇုန်ထုတ်ကားများကို ဇူလိုင်လ ၁၄ ရက်တွင် စတင်အပ်နှံခွင့်ပြုခဲ့ပြီး ဇူလိုင်လ ၁၆ ရက်တွင် ဇုန်ထုတ် ဂျစ်ကား တစ်စီးလျှင် ကျပ် ၄၉ သိန်း၊ ဇုန်စလစ် တစ်စောင်လျှင် အမည်ပေါက်ကျပ် ၅၅ သိန်းခန့်ရှိပြီး “၁က” အက္ခရာစလစ်တစ် စောင်လျှင် ကျပ် ၈၀-၈၅ သိန်းဝန်းကျင် ခန့်ရှိသည်ဟု ဈေးကွက်အတွင်းရှိ ကားဝယ် ရောင်းများက ဆိုသည်။
No comments:
Post a Comment