Saturday, July 19, 2014

အဝေးပြေးလမ်းမပေါ်တွင် သံဃာတစ်ပါး ဆိုင်ကယ်တိုက်ခံရသဖြင့် ပျံလွန်

ဖြိုးဝေလင်း

ရန်ကုန်-ပြည်အဝေးပြေးကားလမ်းမ ပေါ်တွင် လမ်းဖြတ်ကူးသည့် သက်တော် (၈၄)နှစ်အရွယ် သံဃာတော် တစ်ပါးမှာ ဆိုင်ကယ်တိုက်ခံရသဖြင့် ပျံလွန်သွားခဲ့သည့်ဖြစ်စဉ်တစ်ခု ဇူလိုင် ၁၄ ရက်၊ နံနက် ၇ နာရီဝန်းကျင်က မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-ပြည် အဝေးပြေး လမ်းမအတိုင်း မှော်ဘီဘက်မှ တိုက်ကြီး ဘက်သို့ ယာဉ်မောင်း ဇော်လင်း မောင်းနှင် လာသည့် ဆိုင်ကယ်သည် မိုင်တိုင်(၃၈/၅)နှင့် (၃၈/၆)ကြား လှိုင်ခေတ်သစ် ထမင်းဆိုင်ရှေ့အရောက်တွင် လမ်းဖြတ်ကူးသည့် သံဃာတော် ဦးသြဘာသကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ် တိုက်ခံရသည့် သံဃာတော် သီတင်းသုံးသည့် ကျောင်းတိုက်ကို စုံစမ်းနေဆဲသာဖြစ်ပြီး ဆိုင်ကယ်တိုက်ခြင်းခံရသဖြင့် ဆရာတော်ဦးသြဘာသတွင် ဦးခေါင်းပေါက်ပြဲ၊ ၀ဲနားထင်ဖူးရောင်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိခဲ့သဖြင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစဉ် ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ ဇော်လင်းကို အရေးယူပေးပါရန် ရဲအုပ်ထွန်းထွန်း၏ တရားလိုပြုတိုင်တန်းချက်ကို မှော်ဘီမြို့မ ရဲစခန်းက ယာဉ်(ပ)၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

No comments: