ကျော်စိုးမိုး
မီးရထားသံလမ်း ဂိတ်ပိတ်ထားစဉ် လိုင်စင်မဲ့ အဓိပတိယာဉ်မောင်းမှ ဖြတ်သန်းမောင်းနှင်စဉ် ရထားနှင့် ၀င်တိုက်မိသော ဖြစ်စဉ်တစ်ခု ဇွန်လ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ၀န်းကျင်ခန့်က မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်၊ တွင်နေထိုင်သည့် အသက် ၂၂နှစ်အရွယ် လိုင်စင်မရှိသည့် အဓိပတိ ယာဉ်မောင်း မျိုးမင်းထွန်းမောင်းနှင်လာသည့် အဓိပတိပါရမီ(အနီ)ခရီးသည်တင်ယာဉ်သည် မရမ်းကုန်း မြို့နယ်၊ (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းဂိတ်ပိတ်ထားသည်ကို လမ်းပြောင်းပြန်ကျော်တက်၍ သံလမ်းကို ဖြတ်ကူးသဖြင့် မီးရထားခေါင်းတွဲနှင့် ယာဉ်နောက်ဘက်ထောင့်စွန်းပွတ်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ထိုသို့တိုက်မိမှုကြောင့်ခရီးသည်ယာဉ် နောက်ပိုင်းမှာအနည်းငယ်ပိန်ချိုင့်သွားပြီး မီးရထားနှင့် ယာဉ်ပေါ် တွင်လိုက်ပါစီးနင်း လာသည့် ခရီးသည်များမှာထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ဟု ရဲမှတ်တမ်းများ တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်ပေါ့ဆစွာမောင်းနှင်ပြီး ခရီးသည်များကို အန္တရာယ်ဖြစ်စေအောင် ပြုလုပ် ခဲ့သူ ကိုမျိုးမင်းထွန်းကို အရေးယူပေးပါရန် မြန်မာ့မီးရထား၊ အင်းစိန် တိုင်း(၇) အငယ်တန်း အင်ဂျင်နီယာ (၂) ဦးရဲလင်းကတရားလိုပြု တိုင်တန်းပြီး မရမ်းကုန်းမြို့မရဲစခန်း (ပ) ၂၂၇/၂၀၁၄၊ မီးရထားအက် ဥပဒေ ပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ရက်၊ ည ၉နာရီခွဲ ၀န်းကျင်ခန့်ကလည်း ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားမှတ်တိုင် အနီးတွင် လိုင်စင်မရှိသည့် အဓိပတိယာဉ်မောင်းတစ်ဦး ၀င်တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ တစ်ဦးသေ ဆုံးသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။
No comments:
Post a Comment