နန်းလွင်နှင်းပွင့် ၊ ယမုံ
မြန်မာ့လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး ကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)သည် ပြည်သူများအနေဖြင့် မျက်ရည်ကျရမည့်နေ့၊ သံန္နိဌာန်များ ချပြရမည့်နေ့ မဟုတ်ဘဲ ကျေးဇူးဆပ်ရမည့်နေ့ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရှိ အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ အာဇာနည်နေ့ မိန့်ခွန်းပြောရာတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံအတွက် စွန့်စွန့်စားစားနဲ့ လုပ်ခဲ့ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများကို ကျေးဇူးတင်မယ်ဆိုရင် အာဇာနည်ကြီးများ ထမ်းဆောင်သွားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်၊ ဒါမှ တကယ်ကျေးဇူးတင်ရာ ရောက်ပါတယ်၊ ကျေးဇူးတင်တယ်ဆိုတာ ကျေးဇူးဆပ်ဖို့ လိုပါတယ်"ဟု ပြောသည်။
ကျေးဇူးဆပ်ရာတွင်လည်း မှန်ကန်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ဒီမိုကရေစီအနစ် ပေါ်ပေါက်လာစေရန် နိုင်ငံသားများအနေဖြင့် ကြိုးပမ်း၍ အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်သင့်သည်ဟု သူမက တိုက်တွန်းလိုက်သည်။
ဒီမိုကရေစီစနစ်နှင့် ပတ်သတ်၍ အတိုချုံးပြောရလျှင် “ကျွန်မတို့ ပြည်သူ/သားတွေကို လေးစားတဲ့စနစ်တစ်ခုကို ခိုင်မာစေချင်လို့ပါ"ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာ NLD အဖွဲ့ချုပ်ရုံးသို့ အမေရိကန်သံအမတ် ဒဲရစ်မစ်ရှယ်နှင့် ပြည်သူလူထု ၂ဝဝဝ ဝန်းကျင်ခန့် လာရောက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အာဇာနည်နေ့ ဝမ်းနည်းခြင်း၊ အောက်မေ့တမ်းတခြင်း အထိမ်းအမှတ်အနေဖြင့် စင်္ကာပူသံရုံး၊ တရုတ်သံရုံး၊ ဖိလစ်ပိုင်သံရုံးတို့မှ ပန်းခြင်းများ ပေးပို့ထားသည်။
No comments:
Post a Comment