မျိုးသန့်
ရောင်းဝယ်သွားလာမှုသိသာ စွာလျော့နည်းနေ
မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက် ညမှ စတင်ကာ ပဋိပက္ခပြဿနာများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၅ရက်တွင် ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စောင့်ကြပ်နေသည်မှတပါး အေးချမ်းတည်ငြိမ်လျက် ရှိသော်လည်း ရောင်းဝယ်သွားလာမှုများစွာ လျော့ကျနေကြောင်း မန္တလေးမြို့ခံများကပြောသည်။
အဓိကလမ်းမကြီးများ၊ ပလာဇာများ၊ စတိုးဆိုင်များ ဝယ်ယူမှုပြုလုပ်သူမှာ မရှိသလောက်နည်းပါးနေကာ အများစုမှာ အဓိကစားသောက်ကုန်များကို ဝယ်ယူမှုပြလုပ်နေကြသည်ဟုလည်း မန္တလေးမြို့ခံများက ပြောသည်။
“အမတို့ဆိုင်က ဖိနပ်၊ အင်္ကျီ၊ တခြားအသုံးအဆောင်ပစ္စည်းတွေ ရောင်းတယ်၊ ဝယ်ယူသူကတော့ လေးရက်လောက်ရှိပြီး မလာသလောက်ပဲ၊ ဒါတောင် မိန်းထဲမှာမို့လို့၊ အမတို့ လမ်း ၈ဝပေါ် ဖွင့်ထားတဲ့ ဆိုင်ဆို တစ်ရက်ကိုတစ်ယောက်လောက်ပဲလာတယ် ” ဟု ၃၇လမ်း၊ ၇၃လမ်းအနောက်ဘက်ခြမ်းမရှိ စတိုးဆိုင်ပိုင်ရှင်ကပြောသည်။
မန္တလေးမြို့တွင် ညမထွက်ရအမိန့် ကာဖျူးထုတ်ထား၍ စတိုးဆိုင်များအပြင် မန္တလေးမြို့ရှိ ပလာဇာဖြစ်သော Diamond Plazaမှာလည်း ဇူလိုင်လ ၄ရက်က ညနေ ၄နာရီတွင် ပိတ်ခဲ့ပြီး ဇူလိုင် ၅ရက်တွင် ည ၇နာရီ၌ ပိတ်မည်ဟု အဆိုပါ ပလာဇာရှိ တာဝန်ရှိသူတစ်ဦးကပြောထားသည်။ ထို့ပြင် ဖြစ်စဉ်များ ဖြစ်ပွားသည့်နေ့မှ စတင်ကာ ယခင်ကလောက် စည်းကား မှုမရှိဘဲ မဖြစ်မနေ ဝယ်ယူလိုသောသူများ သာလာရောက်ကြကြောင်း အဆိုပါ ပလာဇာတွင် ဆိုင်ခန်းဖွင့်ရောင်းချသူဖြစ်သည့် မဇာဇာက မဇ္ဈိမကို ပြောသည်။
စတိုးဆိုင်များပိတ်နေသော်လည်း စားသောက်ကုန်ပစ္စည်းများမှာမူ ခါတိုင်းထက်ပိုမိုကာ ရောင်းရသည်ဟုဆိုသည်။ ဆန်၊ ဆီ၊ စားသောက်ကုန်ခြောက်များကို အဓိကထား ဝယ်ယူကြသည်ဟု စားသောက်ကုန် ရောင်းချသူများဖြစ်သည့် ကိုမျိုးဝင်းကပြောသည်။
“ကုန်ခြောက်ပစ္စည်းတွေဖြစ်တဲ့ ယမ်ယမ်နဲ့ အခြားအစားသောက်တွေ ရောင်းရတယ်၊ အဓိက ဆန်အရောင်းရဆုံးပါပဲ၊ အရင်က တစ်ပြည်ခြင်းဝယ်တဲ့သူက အခုဆယ်ပြည်လောက်ဝယ်တယ်၊ ၁ဝ ပြည်ဝယ် တဲ့သူက အပိုင်းလိုက်ဝယ်တာမျိုးတွေအထိပြုလုပ်လာတယ်” ဟု ၈၉လမ်း ၈၈လမ်းကြား လမ်း၃ဝရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
မန္တလေးမြို့သည် လူဦးရေတစ်သန်းခန့် နေထိုင်သည့်မြိုဖြစ်ပြီး လူမျိုးပေါင်းစုနေထိုင်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးအရအချက်အချာကျသော မြို့တစ်မြို့ဖြစ်သဖြင့် အမြဲစည်းကားနေသော်လည်း ယခု ပဋိပက္ခဖြစ်စဉ်များ နောက်ပိုင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ မြို့တွင် လုံခြုံမှု အခြေအနေအထားအရ ယခုကဲ့သို့ ရောင်းဝယ်သွားလာမှုလျော့နည်းလာခြင်း ဖြစ်ပြီး ယခုကဲ့သို့သော ထိန်းသိမ်းမှုများကို ပြုလုပ်လိုက်ခြင်းမှာ ရေရှည်အတွက်လွန်စွာကောင်းမွန်သော ကိစ္စတစ်ရပ်လည်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
လက်ရှိမန္တလေးမြို့တွင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ကားများဖြင့် နေရာအနှံ့ လှည့်လည်စောင့်ကြပ်နေပြီး အနေအထားအရ စိတ်ချရမှုမရှိသော နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ တင်ထားသော ကားများဖြင့် စောင့်ဆိုင်းနေသည်။
မန္တလေးမြို့တွင် ဇူလိုင်လ ၃ရက်မှ စတင်ကာ ည ၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
No comments:
Post a Comment