မျိုးသန့်
မန္တလေးတိုင်းရှိ သစ်သီးဝလံစိုက်ပျိုးသူများ ဓာတုဗေဒပိုးသတ်၊ မှိုသတ်ဆေးများကို အကာအကွယ်မဲ့ သုံးစွဲခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုးထုတ်လုပ်သူများအသင်း ကော်မတီဝင် ဒေါ်သန်းသန်းဆွေက ပြောသည်။
“ဓာတုဆေးကို စည်းကမ်းမဲ့ အကာအကွယ်မဲ့ သုံးနေကြတယ်။ သုံးစွဲရာမှာလည်း ၁,၀၀၀ မီလီမီတာ ၀င်သွားရင် လူအသက် သေဆုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှာ သေဆုံးမှု အများဆုံးဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
ဓာတုဆေးဝါးသုံးစွဲခြင်းတွင် အကာအကွယ် မယူဘဲ မတန်တဆသုံးစွဲမှုကြောင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်၍ အတိတ်မေ့ရောဂါ၊ အသည်းကင်ဆာရောဂါနှင့် အခြားသော ရောဂါများဖြစ်ပွား၍ သေဆုံးကြရကြောင်း၊ ယင်းအကျိုးဆက်ကြောင့် မန္တလေးတိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းတွင် သစ်သီးဝလံ စိုက်ပျိုးသူ သုံးပုံတစ်ပုံခန့် သေဆုံးနေသည်ဟု ၎င်းက ဆိုသည်။
“အစိုးရ ခွင့်ပြုချက်မရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ သုံးစွဲမှုကြောင့်ဖြစ်ကြတာ များတယ်။ တရုတ်ပြည်က လာစိုက်တဲ့ ဖရဲ၊ သခွားတွေဟာ သူတို့ဆီက ဆေးတွေယူလာပါတယ်”ဟု ၎င်းက ပြောသည်။
“အဲဒီဆေးတွေက ဒီမှာ သုံးစွဲဖို့အတွက် မှတ်ပုံတင်ထားတာ မရှိဘူး။ အဲဒါတွေကို သုံးစွဲတဲ့ တောင်သူတွေ ဒုက္ခတွေ့ရတာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံ သစ်သီးဝလံအသင်း (မန္တလေးတိုင်း) အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
သစ်သီးဝလံများ စိုက်ပျိုးရာတွင် သတ်မှတ်ရက်ထက် ဆောလျင်စွာ ခူးဆွတ်ခြင်း၊ သေချာစွာ ဆေးကြောသန့်စင်မှု အားနည်း ခင်းတို့ကြောင့် စားသုံးသူများပါ ထိခိုက်နစ်နာခဲ့ရပြီး သေဆုံးသည့်အထိ ဖြစ်ပေါ်ခဲ့ဖူးသည့် အစဉ်အလာများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။
“မုံရွာမှာ မနှစ်က ဖရဲ၊ သခွားစိုက်တဲ့ ရာသီမှာ ပိုးသတ်ဆေးဖျန်းထားတဲ့ ရက်မတိုင်မီမှာ ခူးဆွတ်စားသောက်မိတဲ့အတွက် ကျန်းမာရေးထိခိုက်မှုရှိတဲ့အပြင် ကလေးငယ် သေဆုံးခဲ့တာမျိုးဖြစ်ခဲ့ဖူးပါတယ်” ဟု ဦးကျော်စိုးနိုင်က ပြောသည်။
ထိုဖြစ်စဉ်များကြောင့် သစ်သီးဝလံစိုက်ပျိုးသူများ သေဆုံးမှု မဖြစ်ပွားစေရန် မှတ်ပုံတင်ထားခြင်းမရှိသော သုံးစွဲရန် မသင့်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဝါးများကို ကျေးလက်များထံသို့ အသိပေးကြေညာခြင်း၊ အသိပညာ ဖြန့်ဝေခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။
No comments:
Post a Comment