Tuesday, July 15, 2014

သမ္မတကို ဆန္ဒပြ၍ သတင်းထောက် ၅၀ ဦးကို အမှုဖွင့်

အေးမြင့်စန်း၊ ဖိုးစိုးသူ

သမ္မတဦးသိန်းစိန်နှင့် အနုပညာရှင်တို့တွေ့ဆုံပွဲတွင် မီဒီယာဖိနှိပ်မှုရပ် စာတန်းပါ တီရှပ်ဝတ်ဆင်သူများကို ၀င်ခွင့်မပေးခြင်း၊ ယူနတီဂျာနယ် အမှုဆောင်ချုပ်နှင့် သတင်းထောက် လေးဦးတို့ကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့ခြင်းတို့ကြောင့် ဇူလိုင် ၁၂ ရက် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ရှေ့တွင် အသံတိတ်ငြိမ်သက်ခဲ့ကြသည့် သတင်းထောက် ၅၀ ဦးကို ကမာရွတ်မြို့နယ်ရဲစခန်းက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်လိုက်ပြီ ဖြစ်သည်။

ယင်းဖြစ်စဉ်အတွက် ဆဲဗင်းဒေးသတင်းထောက်ချုပ် ကိုအောင်သူရ၊ ဖိုးတုတ် (လှည်းတန်း)၊ မရွှေမှုံ အပါအ၀င် သတင်းထောက် ၅၀ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်ဟု ကမာရွတ်ရဲစခန်းမှ ဒု-ရဲအုပ် ဦးဟန်ထွန်းအောင်က ပြောသည်။

ဦးဟန်ထွန်းအောင်က “ရဲမှတ်တမ်း အရရော၊ ဓာတ်ပုံမှတ်တမ်းတွေအရ အမှုတည်ဆောက်ပြီး တစ်ယောက်ချင်းဖြစ်စေ၊ အားလုံးပေါင်းပြီးဖြစ်စေ ခေါ်ယူ စစ်ဆေးသွားမှာပါ။ ဘယ်သတင်းတိုက်တွေက ဘယ်နှယောက်ပါတယ်ဆိုတာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ စစ်ဆေးသွားမယ်။ ဘယ်တော့ခေါ်စစ်မယ်ဆိုတာကိုတော့ အကြောင်းမကြားရသေးဘူး”ဟု ဆိုသည်။

သမဂ္ဂသတင်းဂျာနယ်၏ သတင်းထောက်ချုပ် မရွှေမှုံကမူ“အခု ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်လို့ ကြားတော့ အရမ်းအံ့သြပါတယ်။ ဖြစ်တာကလည်း public ဧရိယာမှာဖြစ်တာ။ သတင်းယူလို့ရတဲ့နေရာကို သွားတဲ့ သတင်းထောက်တွေကို public ဧရိယာမှာတင်ပဲ အာဏာပိုင်တွေက တားဆီးတယ်။ သူတို့တားဆီးတဲ့အတိုင်း အတင်း မ၀င်ခဲ့ဘူးလေ။ အပြင်မှာပဲနေခဲ့တယ်”ဟု ပြောသည်။

ထို့ပြင် မီဒီယာသမားများသည် အမှန်တရားအတွက် လုပ်ဆောင်နေသူများဖြစ်သောကြောင့် အစိုးရ၏ ခြိမ်းခြောက်မှုများအပေါ်တွင် တုန်လှုပ်မှု မရှိဟုဆိုသည်။

Envory ဂျာနယ်သတင်းထောက်ကို အောင်မြင့်ကျော်က“ကျွန်တော်တို့ မီဒီယာတွေအားလုံး ငြိမ်းချမ်းစွာ မတ်တပ်ရပ်ပြီး အေးဆေးစွာ အပြင်မှာနေတာပါ။ ပုဒ်မ ၁၈ နဲ့တရားစွဲပါတယ်ဆိုတဲ့ အစိုးရကို သူတို့ဘက်ကရော ဥပဒေ လိုက်နာလားလို့ မေးချင်တယ်”ဟု ပြောသည်။

ယူနတီဂျာနယ်မှ စီအီးအိုအပါအ၀င် သတင်းထောက်များကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ်တွင်တ ရားမျှတမှုမရှိသဖြင့် ပြစ်ဒဏ်လျှော့ပေါ့စေရေးအတွက် တောင်းဆိုခြင်းသာဖြစ်သည်ဟုလည်း 7days သတင်းထောက်ချုပ် ကိုအောင်သူရ ကပြောသည်။

ကိုအောင်သူရက“ကျွန်တော်တို့က ယူနတီသတင်းထောက်တွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုတာ ပါ။ယူနတီ သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးလိုက်တာ သတင်းသမားတွေကို ခြိမ်း ခြောက်လိုက်တာလို့ မြင်တယ်။ အခုလည်း ပုဒ်မ ၁၈ နဲ့တရားစွဲဆိုတာကို ကျွန်တော်တို့ဘက်ကသတင်း လွတ်လပ်ခွင့်အတွက် ရင်ဆိုင်သွားမှာပါ”ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ထို့အတူ ယူနတီဂျာနယ်မှသတင်းထောက်များနှင့် စီအီးအိုအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် စာနယ်ဇင်းကောင်စီကလည်း ကြေညာချက်ထုတ် ပြန်ကန့်ကွက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ယူနတီဂျာနယ်သတင်းအဖွဲ့အား နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်းကို ပြန် လည်သုံးသပ်သင့်သည်ဟု ဇူလိုင် ၁၂ ရက် ပခုက္ကူ တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲတွင် ပြောသည်။

No comments: