Monday, July 14, 2014

အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပါဝင်လာရေး အားပေးထောက်ခံပေရန် ဆွေးနွေးပွဲကျင်းပ

ကန္တာရဝတီတိုင်း(မ်)

အမျိုးသမီးများ ခေါင်းဆောင်နိုင်မှုအခန်းကဏ္ဍတွင် ပါဝင်လာနိုင်ရေးထောက်ခံအားပေး မဲဆန္ဒပေး နိုင်ကြရန်အတွက် ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) မှ ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတရပ် ကျင်းပသွားကြသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် သီရိဒေါခန်းမဆောင်တွင် ဇူလိုင်လ ၁၂ရက်နေ့၌ ကျင်းပသွားခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ ဦးဆောင်မှုအခြေအနေသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကျေးလက်ဒေသဘက်များတွင် အနည်းအကျဉ်းရှိပြီး ဆုံးဖြတ်ချက်ချနိုင်သည့် နေရာ ရာထူးတွင် အားနည်းနေသေးကြောင်း ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန (ကယားဖူး) တာဝန်ခံ ဒေါ်လီးမြာက ပြောသည်။

“ကျေးလက်လူမှုဖွံ့ဖြိုးရေးအပိုင်းတွေ ဒါကတော့ ကျေးလက်ကအတိုင်းအတာပေါ့ တကယ်တန်းအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးအပိုင်းမှာတော့ အမျိုးသမီးတွေ လုပ်ဆောင်တဲ့အပိုင်းက အားနည်းသေးတယ် ပါဝင်မှုနယ်တာပေါ့”


ကယားပြည်နယ်တွင် အမျိုးသမီးအများစုသည် ကျား၊ မ ခွဲခြားခြင်း ခံစားနေကြရပြီး ဦးစားပေးမခံရကြောင်း၊ ရှေးကျသည့်နေရာမျိုးတွင် ပညာသင်ကြားခွင့်မရပဲ အလုပ်များသာ လုပ်နေရကြောင်း၊ ပညာရေးအပိုင်းတွင် နိမ့်ကျနေရသည့်အတွက် မှန်ကန်သည့်လမ်း မရွေးခြယ်နိုင်ကြကြောင်း၊ ထို့ကြောင့် လင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေကြရကြောင်း ကယားပြည်နယ် ကက်သလစ်အမျိုးသမီးအဖွဲ့အစည်းမှ စစ္စတာရ် ဒေါမနိမြသန်းက ပြောသည်။

“ပညာရေးမှာ မကြွယ်ဝဘူး အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့ယဉ်ကျေးမှုလည်းမသိလာတော့ဘူး ကိုယ်ကိုတိုင် ဘာလုပ်ဖို့လိုနေလဲ ကိုယ့်ရဲ့အခွင့်အရေးကို မသိနိုင်ဘူး။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ရာအတွက် တန်ဖိုးထားရာအတွက် အမျိုးသမီးငယ်တွေ တော်တော်များများက ဒုက္ခရင်ဆိုင်နေရတယ်” ဟု ပြောသည်။

ယခုလို ပညာရေးသင်ကြားခွင့်မရသည့် နယ်ဘက်တွင် ကြုံတွေ့ရသည့် အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားပေးခြင်း၊ အမျိုးသမီးဆိုင်ရာ အခွင့်အရေးအသိပညာပေးခြင်း စသည်များကိုလည်း ရှေ့ဆက်လုပ်များအနေဖြင့် အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)နှင့် ကယားပြည်နယ် အမျိုးသမီးအဖွဲ့များကွန်ရက် အတူတကွ ဆောင်ရွက်သွားမည်ဟု အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)မှ ညှိနှိုင်းရေးမှူး နော်မာမာချိုက ပြောသည်။

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)နှင့် ကယားပြည်နယ် အမျိုးသမီးအဖွဲ့ကွန်ရက်မှ လာမည့်စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်နိုင်မှုအတွက်ကို ဦးဆောင်မှုအခွင့်အလမ်းများပေးရန် တောင်းဆိုသွားမည်ဟုလည်း နော်မာမာချိုက ဆက်ပြောသည်။

နော်မာမာချိုက “ကျမတို့မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက် လာမည့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပမယ် ရှမ်း၊ ရန်ကုန်၊ ကယား၊ မငြိမ်းချမ်းသေးတဲ့နေရာမှာ အဓိကကျမတို့ တောင်းဆိုသွားမယ်” ဟုပြောသည်။

ကယားပြည်နယ်မှ ပထမဆုံးအကြိမ် အမျိုးသမီးခေါင်းဆောင်မှု ဆွေးနွေးပွဲတွင် ပြည်နယ်တွင်းရှိ အမျိုးသမီးအဖွဲ့များက အမျိုးသမီးများအဖွဲ့ကွန်ရက်စတင်ဖွဲ့စည်းခဲ့ကြပြီး အမျိုးသမီးများ၏ ဦးဆောင်နိုင်မှု အခန်းကဏ္ဍများ၊ ခေါင်းဆောင်မှုနေရာတွင် အမျိုးသမီးများ ထောက်ခံအားပေးကြရန်၊ မဲပေးကြရန် နှင့် ကျေးလက်ဒေသဘက်ရှိ အမျိုးသမီများ၏ ကြုံတွေ့နေကြရသည့် ဘဝအခက်အခဲများ စသည်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

၎င်းဆွေးနွေးပွဲတွင် ကရင်နီအမျိုးသမီးအဖွဲ့အစည်းအရုံး၊ ကက်သလစ်အမျိုးသမီးအဖွဲ့၊ ကယားမိုပွာ အမျိုးသမီးအဖွဲ့၊ ကယားဖူးအမျိုးသမီးအဖွဲ့၊ Women’s Galaxy အဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

No comments: