ထင်လင်းအောင်
အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုက အောက်ခြေလူထုအထိ အကျိုးသက်ရောက်မှု မရှိဟု စီးပွားရေးအသိုင်းအ၀ိုင်းအတွင်း ထင်မြင်သုံးသပ်မှုများရှိနေသည်။
အစိုးရက စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် အောက်ခြေအထိ အမှန်တကယ် ဆင်းပြီး ဖြေရှင်းပေးမှုများ မရှိခြင်းက တိုင်းပြည်ဆင်းရဲမှုကို ပိုမိုဆိုးရွားစေသည်ဟု မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က ပြောသည်။
လက်ရှိတွင် အစိုးရအနေဖြင့် စီးပွားရေး၊ နိုင်ငံရေးအပါအ၀င် လူမှုရေးဘ၀ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အရှိန်မြှင့်တင်မှု တတိယလှိုင်း Third Wave ဟုခေါ်သော ဆောင်ရွက်မှုများကို လုပ်ကိုင်နေသော်လည်း အောက်ခြေသို့ ဆင်းကြည့် ဖြေရှင်းမှု အားနည်းနေခြင်းအပေါ် ဇူလိုင်၂၁ ရက် ည ၁၁နာရီခန့်က ၎င်း၏ လူမှုကွန်ရက် ဖေ့ဖ်ဘွတ်စာမျက်နှာပေါ်တွင် ထောက်ပြရေးသား ပြောထားသည်။
ယင်းသို့ အောက်ခြေအထိ ဆင်းကြည့် ဖြေရှင်းမှုများ ဆောင်ရွက်ရာတွင်လည်း လုပ်ဇာတ် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အမှန်တကယ်ထိရောက်သည့် အောက်ခြေဆင်းကြည့်သော ပုံစံဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုသည်။
ဦးချစ်ခိုင်က “ ကျွန်တော်တို့ နိုင်ငံ နှစ်ငါးဆယ်နောက်ကျနေခဲ့လို့ လူတန်းစားအလွှာအသီးသီး၊ နယ်ပယ်အသီးသီးကို သက်ဆိုင်ရာ ၀န်မင်းများနှင့် တာဝန်ရှိသူများက အောက်ခြေထိ ဆင်းကြည့်မည်ဆိုလျှင် (လုပ်ဇာတ် အလုပ်ရုံဆွေးနွေးပွဲများ ကိုဆိုလိုခြင်းမဟုတ်) လယ်ပြင်ဆင်သွားတာ မဟုတ်ဘဲ ဂေါ်ဇီလာသွားသလို ထင်ရှားစွာ မြင်ရမှာပါ။ မြင်တာတွေကို ချက်ချင်းလုပ်ပေး၊ ဖြေရှင်းပေးမယ်ဆိုရင် ပြည်သူတွေက အစိုးရကို ကောင်းကောင်း လက်ခုပ်သြဘာပေးမှာ မနှေးပါ။ ပြည်သူတွေ နားမလည်တဲ့၊ လှပတဲ့ စကားလုံးဖြစ်တဲ့၊ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေက မျှော်တလင့်လင့်အဖြစ်သာ ပို၍ ပို၍ဆင်းရဲခြင်းကိုသာ မြှင့်တင်နေရော့သလား” ဟု ရေးသားပြောဆိုထားသည်။
စင်ကာပူ အရှေ့တောင်အာရှ လေ့လာရေးသိပံ္ပဌာနမှ သုတေသီ စတူးဝပ်ပေါလ်လာကင်ကမူ အစိုးရက ဦးဆောင်ပြုလုပ်နေသော အုပ်ချုပ်မှုကောင်းမွန်ရေးအစီအစဉ်များသည် ဖွံ့ဖြိုးမှုရလဒ်များ ထွက်ပေါ်လာရေးထက် လုပ်ငန်းစဉ်များကိုသာ အလေးပေးနေခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်ထားသည်။
အစိုးရအဖွဲ့များသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရာ၌ ဆွေးနွေပွဲလုပ်ကိုင်မှုများသာရှိပြီး မြေပြင်သို့ သွားရောက်မှုများ အားနည်းခြင်းနှင့်အသင်းအဖွဲ့များနှင့် တွေ့ဆုံရာတွင်လည်း ဥက္ကဋ္ဌကဲ့သို့ တာဝန်ရှိသူများကသာ ဆွေးနွေးအကြံပြုနိုင်ခြင်းများကြောင့် နယ်ပယ်အသီးသီးနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားလည်ဖြေရှင်းနိုင်မှု အားနည်းနေလျက်ရှိသည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်း(ယာယီ) ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုးထွန်း က ပြောသည်။
ဒေါက်တာစိုးထွန်းက “ ဆွေးနွေးပွဲ ချည်းလုပ်နေပြီး အောက်ခြေမဆင်းရင်တော့ ဘာမှသိရမှာ မဟုတ်သလို ဖြေရှင်းလို့လည်း ရမှာ မဟုတ်ဘူး။ အစည်းအဝေးတွေမှာဆိုလည်း ဥက္ကဋ္ဌအဆင့်ပဲ ပြောနိုင်တယ်။ ကျန်တဲ့ အောက်ခြေအသင်းသားတွေမှာ အကြံပြုဆွေးနွေးချက်ရှိလို့ လက်ခံဆောင်ရွက်ပေးရင်တော့ ပိုပြီး ထိရောက်တာပေါ့ ” ဟု ပြောသည်။
အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၁ မှ ၂၀၁၃ အထိကာလများတွင် နိုင်ငံရေးဦးစားပေးကာ အခြားကဏ္ဍများ ပြုပြင်ပြောင်းလဲခြင်းကို အဆင့်တစ် ပထမလှိုင်း First Wave နှင့် ၂၀၁၂ မှ ၂၀၁၄ ခုနှစ် အထိ ကာလများတွင် စီးပွားရေးဦးစားပေးကာ အခြားကဏ္ဍများ ပြုပြင်ပြောင်းလဲခြင်းကို အဆင့်နှစ် Second Wave အဖြစ်သတ်မှတ်ထားသည်။ လက်ရှိ ၂၀၁၄-၁၅ ကာလများတွင်မူ First Wave နှင့် Second Wave ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်မှု လုပ်ခြင်းကို အဆင့်သုံး Third Wave အဖြစ်သတ်မှတ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဇွန်လ ၂၈ ရက်က မြန်မာ့အာမခံလုပ်ငန်း၌ ကျင်းပသော (နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ် ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း က ပြောသည်။
Third Wave လုပ်ဆောင်ရာတွင် အစိုးရဌာနအသီးသီး၏ တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့် ပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုများနှင့် အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲများကို လုပ်ကိုင်နေခြင်းဖြစ်သည်။
No comments:
Post a Comment