ABC
မန္တလေးမြို့မှာ ဇူလိုင်လ ၁ရက်နေ့ကစတင်ပြီး ၃ရက်နေ့အထိ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း လူ ၂ဦး သေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ အတွက် ဇူလိုင်လ ၃ရက်နေ့ ညနေပိုင်းမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမြို့နယ် ၇ ခုရှိတဲ့ အနက် မြို့နယ် ၆ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျရဲအရာရှိတစ်ဦးက အခုလိုပြောပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ၊ ဒီနေ့ကြေညာတာ ည၉နာရီကနေ မနက် ၅နာရီထိ မန္တလေးခရိုင် ၆မြို့နယ်မှာ အကုန်ပါပါတယ်၊ ကျနော်တို့ဆီမှာ ၇မြို့နယ်ရှိတယ်၊ အဲဒီမှာ ပုသိမ်ကြီးတခုပဲ မပါတာ ချမ်းမြသာစည်တို့၊ အောင်မြေသာဇံတို့၊ အမရပူရတို့၊ ပြည်ကြီးတံခွန်တို့၊ မဟာအောင်မြေတို့ အဲဒါတွေပဲ။”
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့က တာဝန်ရှိသူတွေ၊ မြို့မိမြို့ ဖတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပဋိပက္ခကြောင့် လူ ၂ဦး သေဆုံးခဲ့ပြီး ၁၄ဦး ထိခိုက်ဒဏ်ရာခဲ့သလို တခြား လူ၎ဦးကိုလည်း ရဲတွေက ဖမ်းဆီး စစ်ဆေးနေတယ်လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်းမီဒီယာတွေကိုပြောပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာ အနီးတ၀ိုက်ရှိ ဆိုင်ခန်းတွေ ပိတ်ထားဆဲဖြစ်ပြီး ကောလဟလ သတင်းတွေကြောင့် ဒေသခံအများစုမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေသလို ညမထွက်ရ အမိန့်ထုတ်ပြန် ထားတဲ့အတွက် အခြေအနေ ကိုစောင့်ကြည့် သွားမယ့်အကြောင်း မန္တလေးတိုင်း NLD ဥက္ကဌဦးတင်ထွဋ်ဦးကပြောပါတယ်။
မနေ့က ထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်မှာ လူ ၅ဦးထက် ပိုမစုရဆိုတဲ့ အချက်ပါဝင် နေတဲ့ အတွက် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုမှာ အခက်အခဲ တွေရှိလာမှာကို စိုးရိမ်တဲ့အကြောင်းလည်း ဦးတင်ထွဋ်ဦးက ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဇူလိုင်လ ၁ရက်နေ့က မန္တလေးမြို့ လက်ဘက်ရည်ဆိုင် တဆိုင်မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment