Monday, July 21, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွှတ်တော်ပါဝင်မည့် နည်းလမ်း ဦးအောင်မင်း ရှင်းပြ

ဝင်းကိုကိုလတ်

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နိုင်မည့် နည်းလမ်းများကို နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်တွင် ဇူလိုင် ၂၀ ရက်က ရှင်းပြခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက မဇ္ဈိမကို ပြောသည်။

သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ၎င်းက “ဘယ်အပိုင်းမှာတော့ ဘယ်လိုဝင်ရမယ်ဆိုတာမျိုး ပြောတာပေါ့” ဟု ဆိုသည်။

မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Centre) ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (National Cease-fire Accord) လက်မှတ်ရေးထိုးရန်လည်း နီးစပ်လာသည့်အတွက် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးလာသည်ဟု ဆိုသည်။

၎င်းက “ဒီအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရဲ့အခန်းကဏ္ဍက အရေးပါတာ အများကြီးရှိ လာတယ်။ အဲဒီတော့သူတို့နဲ့အပြန်အလှန်ဆွေးနွေးကြတယ်”ဟု ဆက်လက်ပြောကြားသည်။

ထို့ပြင်လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရန်၊ နိုင်ငံရေးသဘောတူညီချက်မူ ဘောင်၊ တစ်နိုင်ငံလုံး အပစ်ရပ်ရေး မူဘောင်စသည့် Presentation သုံးခုကို အမတ်တို့ထံ တင်ပြခဲ့သည်။

အလုပ်ရုံအစည်းအဝေးတက်ရောက်ခဲ့သူ ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက “ကျွန်မက အမျိုးသမီးကဏ္ဍပါ။ ကျွန်မတို့ရဲ့ မူလအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မွေးရာပါ အခွင့်အရေးတွေကို အစိုးရဘက်က လိုက်လျောပေးဖို့တောင်းဆိုခဲ့ပါတယ်”ဟု ပြောသည်။

ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းစေအွာက“တစ်နိုင်ငံအပစ်ရပ်ရေးအဆင့် ရောက်လာရင် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးပေးဖို့လည်း ပြောပါတယ်”ဟုဆိုသည်။

မြန်မာ ငြိမ်းချမ်းရေးစင်တာနှင့် တိုင်းရင်းသားလွှတ်တော်အမတ်များ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ကရင်၊ကချင်၊ ရှမ်းပြည်နယ်စသည့် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများမှ အမျိုးသမီး အမတ်များ၊ နိုင်ငံရေး ပါတီများမှ အမတ်များ စသဖြင့် တက်ရောက်ကြသည်။

No comments: