Tuesday, July 22, 2014

မြောက်ဥက္ကလာရေကြီးမှု ကော်မတီဖွဲ့ ဖြေရှင်းနေရ

Mizzima

ငမိုးရိပ်ချောင်းရေကာတာ ရေလျှံခြင်းကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်အတွင်း လေးရပ်ကွက်ခန့် ရေနစ်မြုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထကော်မတီဖွဲ့ကာ ဖြေရှင်းနေရသည်ဟု ယခင်ဆည်မြောင်း ၀န်ကြီးဌာန ဒု-လက်ထောက်အင်ဂျင်နီယာဟောင်း ဦးမောင်အိက ဇူလိုင် ၂၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။

ရေကြီးမှု တာရှည်ဖြစ်လျှင် ရပ်ကွက်နေပြည်သူများ ၀မ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအပြင် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အခြားအချက်များကြောင့် ရေဘေးတာဆီးခြင်းကော်မတီကို ဇူလိုင် ၁၅ တွင် ဖွဲ့စည်းပြီး ၁၆ ရက်မှ အရှည်ပေ ၂,၅၀၀ ရှိသည့် တာပတ်လမ်း တည်ဆောက်ကာကွယ်ထားရသည်။

“အောက်ခြေ ၇ ပေအမြင့် ၆ ပေ အကျယ်နဲ့ ပေ၂,၅၀၀ အရှည်ရှိတဲ့ နေရာကို ငါးရက်အတွင်း ဆောင်ရွက်ခဲ့တာပါ။ နောက်ပိုင်းဝါဆို၊ တော်သလင်းရေတွေကြီးလာရင် ထိန်းသိမ်းဖို့ တာပတ်လမ်းမှာ သဲအိတ်တွေအသင့်လုပ်ထားပါတယ်။ နိမ့်တဲ့နေရာတွေ ဖို့ဖို့ပါ။ တာပတ်လမ်းဘေး အိမ်တွေကို ဘယ်နေ့မှာ ဘယ်ရေအမှတ်ထိ တက်တယ်ဆိုတာကို တိုင်းဖို့ စောင့်ကြည့်မှာပါ ”ဟု အဖွဲ့ဥက္ကဋ္ဌ ဦးမောင်အိက ဆိုသည်။

ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်အတွင်း လော်စပီကာများဖြင့် ရပ်မိရပ်ဖများက မြောင်းနှင့်မလွတ်သည့် ဆိုင်များ၊ ဖျက်သိမ်းပေးရန် ငါးရက်ကြာ အသိပေးနှိုးဆော်ရန် ရေဘေးတာဆီးရေး ကော်မတီက စီစဉ်ထားသည်။

ငမိုးရိပ်ချောင်းတိမ်ကောနေခြင်းကို တူးဖော်ပေးရန် အစီအစဉ်ရှိသော်လည်း နောက်ပိုင်းကာလမှ ဖြစ်ပေါ်လာမည်ကို စောင့်ဆိုင်းလျှင် ရေအန္တရာယ်ပိုမိုဖြစ်ပေါ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရွှေပေါက်ကံ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးကြည်ထွန်းက ပြောသည်။

ယင်းတာပတ်လမ်းတည်ဆောက်သည့် နေရာသည် ရွှေပေါက်ကံမြို့သစ် ၁၁ ရပ် ကွက်တွင် စက်မှုဇုန်အပါ အ၀င်(၆) ရပ်ကွက်မှ စီးဆင်းနေသည်ရေများကို ထိန်းသိမ်းနိုင်ရန် တည်ဆောက်ခြင်းဖြစ်ပြီး ရပ်ကွက်တွင်း မြောင်းများကိုလည်း ရေပိုက်ကြီးများထည့်ကာ တူးဖော်လျက်ရှိသည်။

အဆိုပါရေကြီးမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရွှေပေါက်ကံရပ်ကွက်တွင်း မူလတန်းကျောင်းအချို့ ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်တိုင် ပိတ်ထားခဲ့ရသည်။

No comments: