ခင်ငြိမ်းသစ်
မကွေးတိုင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို တင်းကျပ်စွာ တားမြစ်သည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပုဒ်မ-၄၃၆ နှင့် ပတ်သက်သည့် ဟောပြောပွဲသို့ လူတစ်သိန်းနီးပါး တက်ရောက်ခဲ့သည်ဟု မကွေးတိုင်း NLD ပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမသတင်းဌာနကို ပြောကြားသည်။
ဦးနေမျိုးကျော်က “ကျွန်တော်တို့ ပြည်သူတွေက အကြောက်တရားရှိတဲ့ အပိုင်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုကတော့ အောင်မြင်သွားတယ်”ဟု ပြောသည်။
ဇူလိုင် ၁၂ ရက် ဟောပြောပွဲသို့ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ရေနံချောင်း၊ နတ်မောက်၊ ရေစကြို၊ မြိုင်၊ ပေါက် ပြည်သူတို့ တက်ရောက်သည်ဟု NLD က ဆိုသည်။
NLD မှ ဦးမောင်မောင်ဦးကလည်း ၁၉၈၈ နောက်ပိုင်းပထမဦးဆုံးအကြိမ်အဖြစ် ပခုက္ကူ မြို့သို့ ရောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောကြားသည်။
ထို့အပြင် ပခုက္ကူ ဒေသခံ ဒေါက်တာကြည်မင်းကလည်း “၂၀၀၈ တုန်းက ကြောက်လို့၊ နားမလည်လို့ လိမ်ခံရတာတွေ၊ ကိုယ်မဲမပေးဘဲနဲ့ ၉၂ ဒသမ ၈ ရာခိုင်ခိုင်နှုန်း ထောက်ခံတယ်လို့ ဖြစ်သွားတာတွေ အပေါ်မှာ ကျေနပ်နေကြတာမှ မဟုတ်တာကို။ ဒါကြောင့် အခွင့်ကြုံလာတဲ့အခါမှာ မကြိုက်တဲ့အကြောင်း ပြလိုက်ကြတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဦးနေမျိုးကျော်က “ဒီတော့ မကွေးတိုင်းက မီဒီယာလွတ်လပ်ခွင့်ကိုလည်း နှောင့်ယှက်ဟန့်တားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်း အလွန်ကို ဟန့်တားထိန်းချုပ်တယ်။ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေကိုလည်း အစိုးရ (သို့မဟုတ်) ရဲတပ်ဖွဲ့ (သို့မဟုတ်) အုပ်ချုပ်ရေးပိုင်းတွေက စောင့်ကြည့်တဲ့ တိုင်းဖြစ်တယ်။ ဘယ်လိုပဲ ဖိနှိပ်ချုပ်ချယ်ပါစေ၊ ပြည်သူတွေက မကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒါကြောင့် ဟန့်တားနှောင့်ယှက်မှုတွေက မအောင်မြင်ဘူးဆိုတာ ပြတယ်”ဟု သုံးသပ်သည်။
No comments:
Post a Comment