ကိုတိုးကြီး
မုံရွာမြို့တွင် ဇူလိုင် ၁၈ ရက်က တစ် ရက်အတွင်း လူသတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဖြစ်စဉ်များမှာ ဇူလိုင် ၁၈ ရက်၊ နံနက် ၇ နာရီအချိန်က မုံရွာမြို့၊ အိုးဘိုတောင်ရပ် ကွက်နှင့် ကျွဲရဲကွင်းကွင်းအကြား မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၅/၁ နေရာတွင် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက် ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်မျက်လုံး ညိုမဲဒဏ်ရာများနှင့် နှာခေါင်း၊ ပါးစပ်များမှ သွေးထွက်ကာ သေဆုံးနေခဲ့ ခြင်းဖြစ်သည်။
သေဆုံးနေသူမှာ မုံရွာမြို့၊ အောင်ချမ်းသာ(ဇီးခြံ)ရပ်ကွက်နေ ကိုသိန်းမင်းထွန်း အသက်(၃၅)နှစ်ဆိုသူဖြစ်သည်ဟု သေဆုံးသူ၏ဖခင်ဦးကံလှက သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ ပြောပြခဲ့သည်။
ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည့်အတွက် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟုဆိုကာ မြို့မရဲစခန်း၌ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား မုံရွာမြို့မ ရဲစခန်းက အမှုကြီးအမှတ်စဉ် ၄/၂၀၁၄ (ပ) ၂၆၀/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဇူလိုင် ၁၈ ရက်ည ၉ နာရီခွဲ အချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ် ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာဃလုလင်ပန်းပု လုပ်ငန်းဆိုင်ရှေ့အနီး လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သူမှာ ကိုစိုးနိုင်ဦး (ခ) အငယ်လေး အသက်(၂၂)နှစ် ဆိုသူ ဖြစ်ပြီး ယာဘက်ရင်အုံ နေရာတွင် ချွန်ထက်သည့် အရာတစ်ခုဖြင့်ထိုးသွင်းခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကိုသူရအောင် ဆိုသူမှာလည်း ၀ဲဘက်နံဘေးနေရာနှင့် ၀ဲဘက်တင်ပါးနေ ရာတို့တွင် ချွန်ထက်သောအရာတစ်ခုဖြင့် ထိုးသွင်းခံရသည့်အတွက် ဒဏ်ရာများရရှိကာ မုံရွာ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ဆေးဝါးကုသခံလျက်ရှိကြောင်း မှုခင်းဆေးစာဌာန၏ မှတ်တမ်းများ တွင် ဖော်ပြထားသည်။
ထို့ကြောင့် သေဆုံးသူ ကိုစိုးနိုင်(ခ)အငယ်လေး၏ မိခင်ဖြစ်သူ ဒေါ်စန်းမှ မုံရွာမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ပြီး ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၅/ ၂၀၁၄ (ပ) ၂၆၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃၀၂ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment