Sunday, July 20, 2014

ဗိုလ်ချုပ်လမ်းစဉ်အား ဆန့်ကျင်သည့်အကျိုး ယနေ့အဖြေပေါ်ပါပြီ

ဖြိုးဝေအောင်၊ ဆန်းဖြိုးထွန်း

တိုင်းရင်းသားအားလုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံပြီး တနိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရန်ရည်ရွယ်ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေကို ဒီမိုကရေစီနည်းကျကျ တည်ဆောက်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို အသိမှတ်ပြု အောက်မေ့သည့်အတွက် ယခုလို အာဇာနည်နေ့အခမ်းအနားအား တက်ရောက်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သူက ကယားပြည်နယ်အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ခင်စည်သူ ဖြစ်သည်။

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပန်းခဲ့သည့် ၁၉၄၇အခြေခံဥပဒေကြောင့် မြန်မာပြည်ကြီး ကမ္ဘာ့အလယ်မှာ တိုးတက်ခဲ့ဖူးသော်လည်း မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်ပြီးသည့်နောက် ယခုလိုဆင်းရဲနွမ်းပါးသည့် နိုင်ငံအဖြစ် ရင်ဆိုင်နေရသည်ဟု ယနေ့ကျရာက်သည့် အာဇာနည်နေ့တွင် ဒေါက်တာခင်စည်သူက ပြောသည်။

“အခုကျတော့ (၁၉၇၄) (၂၀၀၈) တွေမှာ ပြန်ပြီးတော့လုပ်လိုက်တဲ့ ဆွဲလိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေက ဗမာနိုင်ငံတစ်ခုလုံးရဲ့ အရည်အချင်း ဆင်းရဲနွမ်းပါးသွားတယ်။ ကမ္ဘာမှာလည်း အဆင်းရဲဆုံးဖြစ်တယ်။ အဲဒါကြောင့် အဲဒီဘ၀ကနေ ပြန်ကယ်တင်ဖို့ ဗိုလ်ချုပ်မျက်နှာနဲ့ ကျန်တဲ့ မျက်နှာကိုထောက်ပြီးတော့ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံလို ကျမတို့ ဒီမိုကရေစီနည်းကျကျ စံနှုန်းမှီမှီ ပြည်ထောင်စုစနစ်စစ်စစ် တိုင်းရင်းသား အဖွဲ့အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူဖွဲ့ထားတဲ့ တည်ဆောက်ထားတဲ့ လမ်းစဉ်အတိုင်း ကျမတို့က ကျေးဇူးဆပ်တယ်”


ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်ပြီး ကယားပြည်နယ်ခြေစိုက် NLD အဖွဲ့ချုပ်အပါအ၀င် ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ KSSU၊ ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY၊ ကယားလူမျိုး စုဒီမိုကရေစီပါတီနှင့်အတူ စုစုပေါင်း လူဦးရေ ၂၀၀ လောက်က မိုးတဖွဲဖွဲအောက်မှာ အာဇာနည်နေ့ အခမ်းအနားကို ပါဝင်တက်ရောက်နေကြသည်ကို တွေ့ရသည်။

အကြမ်းမဖက်သည့်နိုင်ငံရေးလုပ်ရှားမှုများ လုပ်ဆောင်ရန် ခက်ခဲသည့်နေရာတခုဖြစ်သည့် ကယားပြည်နယ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးသည့်နောက် ယခုနှစ် အပါဝင် အာဇာနည်နေ့အခမ်းအနားကို နှစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သေးကြောင်းသိရသည်။

ကယားပြည်နယ်မှာ “အရင်တုန်းကတော့ ဒီအာဇာနည်နေ့မပြောနဲ့လေ ဗိုလ်ချုပ်ပုံတောင်မှ ဆုပ်ဖြဲ မှေးမှိန်အောင် လုပ်ခဲ့တာပဲ။ အဲဒါ မသမာတဲ့လူတွေပြောမှာလား အာဏာရူးလို့ပဲ ပြောမှာလား။ ဒါသိပ်ဝမ်းနည်းစရာကောင်းတဲ့ သမိုင်းသွင်အောင် ရုပ်ဆိုးသွားတဲ့ ဗမာနိုင်ငံရုပ်ဆိုးသွားအောင် လုပ်သွားလို့ပဲ ကျမမြင်တယ်”ဟု ဒေါက်တာခင်စည်သူက ပြောသည်။

ယနေ့အာဇာနည်နေ့အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့သည့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ နာယက အဖွဲ့ဝင် ဦးအောင်ဒင်က အာဇာနည်နေ့စကားအား ယခုလိုပြောဆိုသွားသည်။

“(၆၇)နှစ်ပြည့်အာဇာနည်နေ့မှာ ဦးလေးပြောချင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ဘာအရေးကြီးလဲဆိုလို့ရှိရင် လူမျိုးအသီးသီးရဲ့ လက္ခဏာတွေဟာ မပပျောက်စေပဲနဲ့ အမြဲတမ်းရှင်သန်နေဖို့ အရေးကြီးပါတယ်”

No comments: