Monday, July 7, 2014

ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီမှ ထုတ်ပြန်လာမည့် နည်းဥပေဒများမှာ လက်ခံနိုင်ဖွယ်ရာ မရှိဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ၄ ခု ဆွေးနွေး

နန်းလွင်နှင်းပွင့် ၊ ယုဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းချက်များပါဝင်သည့် နည်းဥပေဒပါ အချက်များမှာ လက်ခံနိုင်ဖွယ်ရာ မရှိဘဲ ပြင်ဆင်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ၄ ခုတို့ မှ ဇူလိုင်လ ၅ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးခဲ့သူ ရခိုင်အမျိုးသားပါတီမှ ပ-ခေါင်းဆောင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ဦးအေးသာအောင်က “ကော်မရှင်ရဲ့ နည်းဥပေဒပါ လုပ်ထုံးလုပ်နည်းတွေက ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အချက်တွေ ပါနေတယ်၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ရာ ရောက်နေတာတွေ ပါတယ်"ဟု ပြောသည်။

နည်းဥပဒေပါအချက်များထဲတွင် ပါရှိသည့် မဲဆွယ်စည်းရုံးရက်အား ရက် ၃၀ ခန့်သာ သတ်မှတ်ပေးထားခြင်း၊ မဲရုံအတွင်းသို့ ပါတီတစ်ခုလျင် တစ်ဦးသာ ၀င်ခွင့်ပေးခြင်း၊ ၀င်မည့်သူမှာလည်း ကော်မရှင်မှ ခွင့်ပြုမည့် သူသာဖြစ်ရမည်ဟု ကန့်သတ်ထားခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းခင်ထွေးမြင့်က “ နယ်ဝေးတဲ့ နေရာတွေဆိုရင် စည်းရုံးရေးက ရက် ၃၀နဲ့ မဖြစ်နိုင်ဘူး၊ မဲရုံထဲမှာ ၀င်ဖို့ကလည်း တစ်ဦးတည်းမပြောနဲ့ ၂၀၁၀ ခုနှစ်က နှစ်ယောက်တောင် အဆင်မပြေခဲ့ဘူး" ဟု ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သုံးရပ်၏ ရွေးကောက်ပွဲ နည်းဥပဒေများကို ဇွန်လအတွင်း အတည်ပြုမည်ဟု ဆိုထားသော်လည်း လက်ရှိတွင် အတည်မပြုနိုင်သေးပေ။

နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များအပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် မဲအရေအတွက်အား အချိုးကျ ခွဲဝေယူသည့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို လက်မခံနိုင်ကြောင်း၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် တို့နှင့် ဒေါ်အောင်ဆန်းစုကြည် လေးပွင့်ဆိုင်တွေ့ဆုံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးအေးသာအောင်က ပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင်မြတ်ရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ခုနှစ် ဒီဇင်ဘာလကပင် တောင်းဆိုနေသော်လည်း ယခုအထိ အကောင်အထည် မဖော်နိုင်သေးပေ။

ယနေ့ ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ကိုးကန့် ဒီမိုကရက်တစ်ပါတီတိုဆွေးနွေးခဲ့သည်။

No comments: