ရွှေအောင်
သမတနဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲကို သွားရောက် သတင်းရယူရင်း ဆန္ဒပြခဲ့ကြတဲ့ သတင်းသမား ၅၀ ကျော်ကို ကမာရွတ်ရဲစခန်းက စီတန်းလှည့်လှည်ဆန္ဒပြခွင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
သတင်းသမားတွေ ဆန္ဒပြခဲ့ကြတဲ့ ဇူလိုင် ၁၂ ရက် ညနေကတည်းက အမှုဖွင့်ခဲ့တာဖြစ်ပြီး ကမာရွတ်ရဲစခန်း က တာဝန်ကျအရာရှိ ဖုန်းထဲက အခုလို ပြောပါတယ်။
“စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ပါခင်ဗျ။ အယောက် ၅၀ ကျော်ပါ။ သိသလောက်လေးပဲ ပြောခွင့်ရပါတယ်ခင်ဗျ။”
သမ္မတကို ဆန္ဒပြခဲ့ကြတဲ့ထဲ ပါဝင်တဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတခုဖြစ်တဲ့ အေပီ သတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုခင်မောင်ဝင်းက အမှုဖွင့်ထားတယ်လို့ သတင်းကြား ပေမယ့် အခုထိတော့ တရားဝင်အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
“သို့လော သို့လောပဲ ထွက်နေတာပဲ။ ဘယ်သူကဘာ ဘယ်သူကဘာ ပါတယ်ဆိုပြီးတော့ လူ ၅၀ လောက် ရှိမယ်။ ဆန္ဒပြတဲ့သူရော အားပေးအားမြှောက် ၀ိုင်းရိုက်တဲ့သူတွေရော အကုန်လုံး ထည့်ထားတယ်လို့ ပြောတာပဲ။ ဖွင့် မဖွင့်တော့ မသိဘူး။ ကျနော်တို့လက်ထဲကို ဖွင့်တယ်ဆိုတဲ့ စာမရောက်သေးတော့ ပြောရခက်တယ်။ ကျနော်တို့က ကာယကံရှင်ဖြစ်တော့ ကြားတာပဲ ရှိတယ်။ ဒီစာရောက်လာမှ လာတွေပါ၊ လာရှင်းပါဆိုရင်တော့ တမျိုးလေ။”
ဇူလိုင်လ ၁၂ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲကို ရန်ကုန်အခြေစိုက် သတင်းဌာနအတော်များများက သတင်းထောက်တွေ သွားရောက် သတင်းရယူခဲ့ကြရာမှာ ရဲတပ်ဖွဲ့က မီဒီယာဖိနှိပ်မှုရပ် စာသားပါ တီရှပ်တွေ ၀တ်လာလို့ဆိုပြီး ၀င်ခွင့်မပေးခဲ့ပါဘူး။
အဲ့ဒီနောက် သတင်းသမား ၅၀ ကျော်ဟာ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ တကြိမ်၊ ဦးဝိစာရလမ်းပေါ်မှာတကြိမ် ကင်မရာတွေ ရှေချထားပြီး ပါးစပ်ကို တိပ်အမဲတွေနဲ့ ကန့်လန့်ဖြတ်ပိတ်လို့ အသံတိတ် စုရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တဲ့ အကြိမ်ပေါင်း ရာနဲ့ချီရှိခဲ့ပြီး ဒီတကြိမ်ကတော့ တကြိမ်ထဲနဲ့ လူဦးရေအများဆုံးကို အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment