Wednesday, July 23, 2014

သီလ၀ါ အထူး စီးပွားရေးဇုန်နဲ့ မြေရာ ပိုင်ဆိုင်မှု ပြဿနာ

ABC

ရန်ကုန်တိုင်းဒေသကြီး ​သန်လျင်မြို့နယ် ​သီလ၀ါအထူးစီးပွားရေးဇုန် ​စီမံကိန်းအတွက် ​အသိမ်းခံရတဲ့ ​ဒေသခံတွေက ​သူတို့ပိုင်ဆိုင်တဲ့ ​မြေယာတွေကို ​နိုင်ငံတကာ ​စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ​လျော်ကြေးမပေးဘူးဆိုရင် ​ဂျပန် ​၀န်ကြီးချုပ်ကို ​မြန်မာနိုင်ငံမှာ ​လာရောက်ရင်းနှီးမြှုပ် ​နှံမှုမလုပ်ဖို့ ​ပြောဆိုသွားမယ်လို့ ​စီးပွါးရေးဇုန် ​အတွင်းရှိတဲ့ ​ဒေသခံတွေက ​ဇူလိုင်လ ​၂၁ ​ရက်နေ့မှာ ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။

သီလ၀ါ ​အထူး ​စီးပွားရေးဇုန် ​စီမံ ​ကိန်း ​ဆောင် ​ရွက်ဖို့ ​မြေနေရာ ​တွေ ​အတွက် ​ကနဦး ​အသိမ်းခံ ​ရတဲ့ ​ဟက်တာ ​၄၀၀ ​ရှိပြီး ​အဲဒီ ​အတွင်းမှာ ​ရှိတဲ့ ​ဒေသခံ ​တွေဟာ ​သီးနှံ ​လျော်ကြေးပဲ ​ရရှိကြပြီး ​ကျန်းမာရေး ​ဆိုင်ရာနဲ့ ​ကလေးတွေရဲ့ ​ပညာရေး ​ဆုံးရှုံး ​မှုတွေ ​အတွက် ​မရရှိတဲ့ ​အကြောင်း ​လယ်သမား ​တစ်ဦးဖြစ်တဲ့ ​ဦးအေးဌေးက ​အခုလို ​ပြောပါတယ်။

“ရန်ကုန်တိုင်း ​ဒေသကြီး ​အစိုးရ ​အဖွဲ့က ​မြေယာ ​အတွက် ​လျှော်ကြေး ​မပေးဘူးတဲ့ ​။ ​သီးနှံလျှော်ကြေးပဲ ​ပေးမယ်တဲ့။ ​ဘာလို့လဲ ​ဆိုတော့ ​ကျွန်တော်တို့ ​လယ်က ​၉၆/၉၇ ​ကပဲ ​သိမ်းထား ​တာမို့လို့တဲ့။ ​မြေယာဥပဒေ၊ ​ဂျိုက်ကာရဲ့ ​မူဝါဒတွေနဲ့ ​မကိုက်ရင် ​ကျွန်တော်တို့က ​ဖယ်ပေးမှာ ​မဟုတ်ဘူး ​မဖယ်ပေး ​တဲ့အပြင် ​ဂျပန် ​၀န်ကြီးချုပ်ကို ​မြန်မာနိုင်ငံမှာ ​လာရောက် ​ရင်းနှီးမြှုပ် ​နှံမှုမလုပ်ဖို့ ​ပြောမယ်။”


စီမံကိန်း ​ဒုတိယ ​အပိုင်းအဖြစ် ​မြေရာ ​ဟတ်တာ ​၂၀၀၀ ​အသုံးပြု ​သွားမှာ ​ဖြစ်တဲ့ ​အတွက် ​အဲဒီမြေရာမှာ ​ပါဝင်တဲ့ ​ဒေသခံ ​လယ်သမားတွေကို ​၁၈၉၄ ​မြေသိမ်း ​ဥပဒေ ​အရ ​ခရိုင် ​အုပ်ချုပ်ရေး ​မှူးက ​မြေသိမ်း ​အမိန့် ​ထုတ်လိုက် ​တယ်လို့ ​သိရပါတယ်။

မြေသိမ်းခံရတဲ့ ​ဒေသခံတွေ ​အနေနဲ့ ​အခက်အခဲနဲ့ ​ကြုံနေ ​ရကြောင်း ​သီလ၀ါ ​လူမှုဘ၀ ​ဖွံ့ဖြိုးတိုး ​တက်ရေး ​တာဝန်ရှိ ​သူလည်းဖြစ်၊ ​လယ်တွေ ​အသိမ်းခံ ​ရသူ ​လည်းဖြစ်တဲ့ ​ဦးကျော်ကျော်က ​အခုလို ​ပြောပြပါတယ်။

“မြေလျှော်ကြေး ​မရတဲ့အခါ ​ကျွန်တော်တို့ ​အနာဂတ် ​အတွက် ​ကျွန်တော် ​တို့ရဲ့ ​ဘ၀တွေ ​ကျွန်တော် ​တို့ရဲ့ ​ကလေးတွေ ​ဘယ်လို ​အသက်မွေး ​၀မ်းကြောင်းပြုမလဲ။ ​ကျွန်တော်တို့ ​သီးနှံ ​လျှော်ကြေးသည် ​ဘိုးဘေ ​အစဉ်အလာ ​ကိုစားသောက်နေတယ်။ ​သူတို့ပေးတာာ ​၆ ​နှစ်စာပဲ ​ရှိတယ်။ ​၁၀ ​ဧက ​လုပ်တဲ့သူသည် ​၁၀ ​ဧက ​ပျောက်သွားရင် ​ဒါမှမဟုတ် ​ဒိပြင်နေရာမှာ ​၁၀ ​ဧက ​အစားထိုးပေးနိုင်တဲ့ ​ရှိမှာ ​မူလအဆင့်အတန်းထက်မနိမ့်ကျမှာ ​ဖြစ်ပါတယ်။ ​ဘာ့ကြောင့်လဲဆိုတော့ ​မြေမရှိရင် ​ကျွန်တော်တို့ဘ၀က ​သေသွားတာနဲ့ ​အတူတူပါပဲ”

သီလ၀ါ ​အထူး ​စီးပွားရေးဇုန် ​စီမံကိန်းမှာ ​ဂျပန် ​အပြည်ပြည် ​ဆိုင်ရာ ​ကော်ပိုရေးရှင်း ​အေဂျင်စီ ​(JICA) ​အဖွဲ့ ​က ​၁၀% ​နဲ့ ​ညီမျှတဲ့ ​ဂျပန် ​ယန်းငွေသန်း ​၅၀၀ ​ရင်းနှီးမြှပ်နှံ ​ထားပြီး ​မစ်ဆူဘီရှီ၊ ​ဆူမီတိုမို ​နဲ့ ​မာရူဘယ်နီ ​စတဲ့ ​ဂျပန်ကုမ္မဏီ ​(၃) ​ခုကတော့ ​၃၉% ​ရင်းနှီးမြုပ်နှံထားပါတယ်။

မြန်မာ ​အစိုးရ ​ကတော့ ​စီမံကိန်း ​ရဲ့ရှယ်ယာ ​၁၀% ​နဲ့ ​ဖက်စပ် ​မြန်မာကုမ္မဏီ ​(၉) ​ခုက ​၄၁% ​ရင်းနှီးမြှပ်နှံ ​ထားတာကြတာ ​ဖြစ်ပါတယ်။

သီလ၀ါ ​လူမှုဘ၀ ​တိုးတက်ရေး ​အဖွဲ့ကို ​ဂျပန်ကိုခေါ်ပြီး ​(JICA) ​ရဲ့ ​စုံစမ်း ​စစ်ဆေးရေး ​အရာရှိ ​ဒေါက်တာ ​Sachihiko ​Harashina ​ထံ ​တိုက်ရိုက် ​စာတင်နိုင်ဖို့ ​ကူညီပေးခဲ့တဲ့ ​မဲခေါင်ဒေသ ​စောင့်ကြည့်ရေး ​အဖွဲ့ ​တာဝန်ရှိသူက ​သီလ၀ါ ​စီးပွါးရေးဇုန် ​အတွင်းက ​ဒေသခံတွေကို ​ဘယ်လို ​ဆောင်ရွက်ပေး ​နေလဲဆိုတာကို ​အခုလိုပြောပါတယ်။

“သီလ၀ါ ​ပရိုဂျက်မှာ ​ဂျိုက်ကာ ​အဓိက ​ရင်းနှီးမြှုပ်နှံ ​မှုမှာ ​ပါလို့ ​လာရာက် ​စုံစမ်း ​တာပါဒေသခံတွေ ​ကလည်း ​ထိခိုက် ​နစ်နာတာတွေနဲ့ ​ပတ်သက်လို့ ​ဂျိုက်ကာက ​ထိထိရောက်ရောက် ​လုပ်ပေးတာ ​မရှိဘူးလို့ ​သိရပါတယ်။”

ပြီးခဲ့တဲ့ ​ဇွန်လ ​ဆန်းပိုင်းက ​ဒေသခံတွေ ​ပထမဦးဆုံး ​ရေးသားတဲ့ ​စီမံကိန်း ​ကန့်ကွက်စာကို ​မဲခေါင်ဒေသ ​စောင့်ကြည့်ရေး ​အဖွဲ့က ​ဒေသခံတွေ ​ကိုယ်စား ​(JICA) ​စုံစမ်း ​စစ်ဆေးရေး ​အရာရှိ ​ဒေါက်တာ ​Sachihiko ​Harashina ​ထံ ​တရားဝင်ပေး ​အပ်ခဲ့ ​တယ်လို့ ​ဆိုပါတယ်။

အဲဒီ ​ကန့်ကွက် ​လွှာမှာ ​စီမံကိန်း ​ပထမ ​အဆင့်မှာ ​အသုံးပြုတဲ့ ​မြေရာ ​ဟက်တာ ​(၄၀၀) ​က ​ဒေသခံတွေ ​ပြန်လည်နေရာ ​ချထားတာနဲ့ ​ပတ်သက်ပြီး ​ကြုံတွေ့နေရတဲ့ ​ထိခိုက် ​မှုတွေကို ​တင်ပြထား ​တယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​ဒုတိယ ​အဆင့်မှာ ​အသုံးပြုမယ့် ​မြေရာ ​ဟက်တာ ​ပေါင်း ​(၂၀၀၀) ​အတွင်းက ​ဒေသခံတွေ ​ကြုံရမယ့် ​ထိခိုက် ​နစ်နာမှုတွေပါ ​တင်ပြထား ​ပါတယ်။

ပထမ ​ကန့်ကွက်စာ ​တင်ပြီးနောက်ပိုင်း ​ဇူလိုင်လ ​၁၈ရက်နဲ့ ​၁၉ရက်နေ့တွေမှာ ​စုံစမ်းရေး ​အရာရှိက ​လာရောက် ​စစ်ဆေး ​မှုတွေလုပ်ခဲ့ ​တယ်လို့ ​ဆိုပါတယ်။

သီလ၀ါ ​စီးပွါးရေးဇုန်နဲ့ ​ပတ်သက်လို့ ​အစိုးရအနေနဲ့ ​ပြောဆိုမှု ​ပုံစံတွေက ​အမျိုးမျိုးဖြစ်နေ ​တဲ့အကြောင်းလည်း ​ပေါင်းကူး ​Civil ​Society ​Strengthening ​Initiative ​ရဲ့တာဝန် ​ရှိသူ ​ဦးကျော်မြင့်က ​ခုလိုပြောပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ​မြန်မာနိုင်ငံအစိုးရကနေပြီး ​ဒီသီလ၀ါဒေသမှာ ​ရှိတဲ့ ​စီးပွါးရေးဇုန်လုပ်ဖို့ ​အတွက် ​လယ်သိမ်းခံရတဲ့ ​သူတွေနဲ့ပတ်သက်လို့ ​အစိုးရနဲ့ ​စကားပြောတဲ့အခါမှာ ​အရေးကြီးတဲ့အချက် ​နှစ်ချက်ပြောပါတယ်။ ​ပထမ ​တစ်ချက်က ​ဒီမြေတွေဟာ ​၉၆/၉၇ ​ကတည်းက ​သိမ်းပြီးတဲ့မြေတွေ ​ဖြစ်တဲ့အတွက်ကြောင့် ​ဒီလူတွေနဲ့ ​မဆိုင်ဘူးဆိုတဲ့ ​စကားမျိုးပြောပါတယ်။ ​နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတဲ့အခါ ​နိုင်ငံတကာက ​ဖိအားပေးလာတဲ့ ​အခါမှာတော့ ​ဂျိုက်ကာက ​ရင်းနှီးမြှတ်နှံတဲ့အတွက်ကြောင့်မို့လို့ ​ဂျိုက်ကာအဖွဲ့ ​ရင်းနှီးမြှုပ်နှံ ​တဲ့နေရာမှာ ​လိုက်နာရမယ့် ​စည်းမျဉ်းစည်းကမ်းတွေ ​ရှိတယ်။ ​ဒီစည်းမျဉ်းစည်းကမ်းတွေ ​ပါမှရမယ် ​ပြောတယ်။ ​တစ်ခါနိုင်ငံတကာက ​သတ်မှတ်ထားတဲ့ ​လိုက်နာရမယ့် ​စည်းကမ်းများဆိုတာ ​ရှိပါတယ်။ ​အဲဒီစည်းကမ်းအတိုင်းလိုက်နာရမယ်လို့ပြောပြန်ပြီ။ ​ဒီမှာ ​ထိခိုက်နေရတဲ့ ​သူတွေကို ​နိုင်ငံတကာ ​စံချိန်စံညွှန်းနဲ့အတူ ​လုပ်ပေးမလားလို့ ​မေးတဲ့အခါမှာနိုင်ငံတကာ ​အတိုင်းမပေးနိုင်ပါဘူးလို့ ​ပြောတယ်။ ​မြန်မာအစိုးရသတ်မှတ်ထားတဲ့ ​အတိုင်း ​ပေးပါမယ်လို့ ​ပြောတယ်။ ​အဲဒါကိုက ​လုံးဝအဓိပ္ပါယ် ​မရှိပါဘူး။”

ပြန်လည်နေရာ ​ချထားခံရတဲ့ ​ဒေသခံ ​မြိုင်သာယာရွာက ​ဒေါ်မြင့်မြင့်သိန်းက ​သူတို့ရွာမှာ ​ကြုံတွေ့နေ ​ရတာတွေကို ​အခုလို ​ရှင်းပြပါတယ်။

“ရေနှုတ်မြောင်းကရေက ​ရိုးကနေ ​ရပ်ကွက်ထဲကို ​ပြန်ဝင်တယ်။ ​ရွာဟောင်းက ​ရေတွေဆိုရင် ​အိမ်တွေပါမြုပ်တယ်။ ​အခု ​၆၈ ​အိမ် ​က ​တော်တော် ​အခြေအနေဆိုးနေတယ်။အဲလိုအခြေအနေမှာ ​စားဝတ်နေရေး ​။လမ်းပမ်းဆက်သွယ်မှု ​။၆၈ ​အိမ်မှာ ​၁၈ ​အိမ်က ​မရှိတော့ဘူး။ ​ကျန်တဲ့အိမ်တွေ ​ကလည်း ​အိမ် ​၂၀ ​ပေါင်ထားရတယ်။”

သီလ၀ါအထူးစီးပွားရေးဇုန်ကို ​ဂျပန်နိုင်ငံက ​ကာလရှည် ​အတိုးနှုန်းနိမ့် ​Official ​Development ​Assistant ​(ODA) ​ချေးငွေနဲ့ ​လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။

ဂျပန်နဲ့ ​မြန်မာနိုင်ငံအကြား ​ပို့ဆောင်ဆက်သွယ်ရေး ​ကဏ္ဍမှာပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ​၂၀၁၂ခုနှစ်တုန်းက ​သဘောတူ ​လက်မှတ်ရေးထိုးခဲ့တာ ​ဖြစ်ပါတယ်။

ဟတ်တာ ​၂၄၀၀ ​လောက် ​ကျယ်ဝန်းတဲ့ ​သီလဝါအထူးစီးပွါးရေးဇုန် ​အတွင်းမှာ ​ပထမအဆင့်မှာပါဝင်တဲ့ ​ရင်းနှီးမြှုပ်နှံမှု ​စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ ​လာမယ့် ​၂၀၁၅ ​ခုနှစ်မှာ ​အခြေခံ ​အဆောက်အဦးတွေ ​စတင်တည်ဆောက်လို့မှာဖြစ်ပေမယ့် ​အခုထိ ​မြေယာလျော်ကြေးတွေကို ​ဥပဒေနဲ့အညီ ​ဆောင်ရွက်တာ ​မရှိသေးဘူးလို့ ​ဥပဒေပညာရှင် ​ဦးမြင့်သွင်က ​ပြောပါတယ်။

“အစိုးရက ​ခေတ်အဆက်ဆက် ​ဥပဒေကို ​မလိုက်နာလို့ ​ကျွန်တော်တို့ ​တောင်သူတွေ ​လယ်သမားတွေ ​နစ်နာနေရတာပါ။အဲဒါကတော့ ​၁၈၉၄ ​မြေသိမ်း ​အက်ဥပဒေပုဒ်မ ​၂၃ ​မှာဘာပြဌါန်းထားလဲဆိုရင် ​မြေသိမ်းခံရမယ့် ​နိုင်ငံသားတွေကို ​၁၈၉၄ ​မြေသိမ်း ​အက်ဥပဒေပုဒ်မ- ​လေး ​ကွင်းစကွင်းပိတ် ​တစ်ထုတ်တဲ့အချိန်က ​ကာလပေါက်ဈေးနဲ့လျော်လိုက်ပါလို့ဥပဒေမှာ ​ပြဌါန်းထားတယ်။ပုဒ်မ ​၁၁ ​နဲ့ ​၁၅ ​မှာ ​ညှိနှိုင်းပြီးတော့ ​သဘောတူတာ ​လျော်ပါလို့ ​ပြဌါန်းထားတယ်။အခု ​ကျွန်တော်တို့ ​လယ်ယာမြေ ​ဥပဒေပြည်ထောင်စုလွှတ်တော် ​ဥပဒေအမှတ် ​၁၁ ​ဖြစ်တဲ့ ​လယ်ယာမြေဥပဒေ ​နည်းဥပဒေ ​၆၇-က(၁)စပါးနဲ့အခြားသီးနှံစိုက်တဲ့ ​မြေကို ​တစ်ဧက ​ကာလပေါက်ဈေး ​ရဲ့ ​၃ ​ဆ ​လျော်လိုက်ပါ။နည်းဥပဒေ ​၆၇-က(၂)နှစ်ရှည်ပင်တွေပါရင် ​ကာလပေါက်ဈေးရဲ့ ​၃ ​ဆလျှော်လိုက်ပါ။နည်းဥပဒေ ​၆၇-က(၃)အဆောက်အအုံတွေပါသွားရင် ​ကာလပေါက်ဈေးရဲ့ ​၂ ​ဆ ​လျှော်လိုက်ပါ။မြေပါသွားရင် ​ဒေသကာလပေါက်ဈေး ​နဲ့ ​လျှော်ပါလို့ ​ပြဌါန်းပြီးသားရှိပါတယ်။”

ပြီးခဲ့တဲ့ ​၂၀၁၃ ​ခုနှစ် ​သြဂုတ်လကုန်အထိ ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံခြား ​ရင်းနှီးမြှုပ်နှံမှု ​"အဆင့်တစ်" ​နေရာမှာ ​တရုတ်က ​ဦးဆောင်ခဲ့ပေမယ့် ​လာမည့်နှစ် ​အနည်းငယ်အတွင်း ​အထူးစီးပွားရေးဇုန်နဲ့ ​တခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် ​ဂျပန်နိုင်ငံဟာ ​မြန်မာနိုင်ငံရဲ့ ​"အဆင့်တစ်"နေရာကို ​ရောက်လာနိုင်တဲ့အကြောင်း ​မြန်မာနိုင်ငံ ​ရင်းနှီးမြုပ်နှံမှု ​ကော်မရှင်စာရင်းတွေအရ ​သိရတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မေငယ် ​က ​သတင်းပေးပို့ထားပါတယ်။

No comments: