Sunday, July 6, 2014

လေးနှစ်အတွင်း လေကြောင်းလိုင်း လေးလိုင်း၊ လေယာဉ် ၁၇ စင်းအထိ တိုးတက်လာ

သီဟကိုကို

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လေယာဉ်စင်းရေ ၁၇ စင်းအထိ တိုးတက်များပြားလာခဲ့ပြီး လေကြောင်းလိုင်း လေးလိုင်းတိုးလာခဲ့သည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် Public Transport (Passenger) အတွက် လေယာဉ် ၃၁ စင်းရှိရာမှ ၂၀၁၄ ခုနှစ်တွင် လေယာဉ်စင်းရေ ၄၈ စင်းအထိ များပြားလာခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံ တကာခရီးသွားများ စံချိန်တင်ဝင်ရောက်လာသဖြင့် လေကြောင်းလိုင်းများနှင့် ခရီးစဉ်အသစ်များတိုးချဲ့ ပျံသန်းခြင်းများကြောင့် လေယာဉ်စင်းရေများပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Aerial Work နှင့် Private လေယာဉ်များမှာ ၂၀၁၀ ပြည့်နှစ်တွင် တစ်စင်းမျှ မရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် Aerial Work အတွက် လေယာဉ်နှစ်စင်း၊ Private အတွက် လေယာဉ်တစ်စင်းရှိလာသည်။ မိုးပျံပူဖောင်း Hot Air Balloon ယခင်က ငါးစင်းသာရှိရာမှ လက်ရှိတွင် ၁၇ စင်း အထိများပြားလာခဲ့ပြီး ပုဂ္ဂလိက ရဟတ်ယာဉ်နှစ်စင်းရှိသည်။

မြန်မာနိုင်ငံ လေယာဉ်မှတ်ပုံတင် စာရင်းအရ ၂၀၁၀ ပြည့်နှစ်တွင် ၃၇ စင်း မှ၂၀၁၄ ခုနှစ်တွင် ၇၁ စင်း တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်း ငါးလိုင်းရှိပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လေကြောင်းလိုင်းလေးလိုင်းတိုးလာခဲ့သည်။ လေကြောင်း လိုင်းသစ် များအဖြစ် FMI လေကြောင်းလိုင်း နှင့် Apex လေကြောင်းလိုင်းတို့မှာ လေကြောင်းလိုင်း တည်ထောင်ခွင့် ရရှိထားပြီး ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ပြည်ပခရီးသည် ၂ ဒသမ ၆ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၃ ဒသမ ၂ သန်း၊ ၂၀၁၅ တွင် ၄သန်း အထိ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နေမည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ်တွင် ပြည်တွင်းခရီးသည် ငါးသန်း၊ ပြည်ပခရီးသည် သုံးသန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်း ခရီးသည် ၉ ဒသမ ၅သန်း၊ ပြည်ပခရီးသည် ခြောက်သန်း၊ ၂၀၃၀တွင် ပြည်တွင်းခရီးသည် ၂၉ ဒသမ ၃သန်း၊ ပြည်ပခရီးသည် ၂၀ ဒသမ ၄သန်းအထိ တိုးတက်နေမည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီJICA က ခန့်မှန်းထားသည်။

No comments: