မောင်မန်း
မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် အထက်မြန်မာပြည်၌ ရတနာပုံ ဆိုက်ဘာစီးတီးရှိပြီးဖြစ်ရာ အောက်မြန်မာပြည် ရန်ကုန်မြို့အနီး ပတ်ဝန်းကျင်တွင် အလားတူ ဆိုက်ဘာစီးတီးတစ်ခု တည်ထောင်သွားရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဇူလိုင် ၁၄ ရက်က ဖော်ပြသည်။
နိုင်ငံတော်သမ္မတက ဇူလိုင်လ ၁၃ ရက်က ရန်ကုန်မြို့၊ မြန်မာ့သတင်းအချက် အလက်နှင့် နည်းပညာ ဗဟိုဌာန MICT Park ၌ ကျင်းပခဲ့သည့် နည်းပညာကဏ္ဍပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ဆိုက်ဘာစီးတီး တည်ထောင်နိုင်ရေးအတွက် အဆောက်အအုံတည်ဆောက်ရာတွင် အခြေခံအဆောက်အအုံများ ပြည့်စုံစွာထည့်သွင်း တည်ဆောက်နိုင်သည့် နေရာဖြစ်စေရန် ရွေးချယ်ရမည့် အပြင် လျှပ်စစ်မီး၊ ရေ၊ ပို့ ဆောင်ဆက်သွယ်ရေး ကောင်းမွန်မှုနှင့် အခြေခံလိုအပ်ချက်များ ပြည့်စုံ မည့်နေ ရာ ဖြစ်စေရန်ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သမ္မတနှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမ ကို ပြောသည်။
အိုင်စီတီ နည်းပညာနယ်ပယ်တိုးတက်လာခြင်းဖြင့် တိုင်းပြည်လူမှုစီးပွားတိုးတက်မှုကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းကလည်း ပြောသည်။
ဦးရဲကျော်သိန်းက“အိုင်စီတီကဏ္ဍကို တိုးတက်အောင်လုပ်နိုင်ပြီဆိုရင် တိုင်းပြည်ရဲ့ လူမှုစီးပွားကို အချိန်တို အတွင်း တိုးတက်လာစေနိုင်ပါတယ်။ အိုင်စီတီကဏ္ဍကို အောင်မြင်အောင်လုပ်နိုင်ပြီဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံ အနေအထားကနေ လွတ်ပြီလို့ ပြောလို့ရပါတယ်”ဟု သုံးသပ်သည်။
အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းထက် ဆက် သွယ်ရေးစနစ် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သင့်သည်ဟု Open Myanmar Initiative ၏ နည်းပညာ အရာရှိချုပ် ကိုစိုးသီဟနောင်က ၎င်း၏ အမြင်ကို ပြောသည်။
ကိုစိုးသီဟနောင်က“အခြေခံ အဆောက်အအုံလို့ ပြောတဲ့နေရာမှာ Telecom Infrastructure ကို ပိုပြီး ကောင်းအောင် လုပ်သင့်တယ်လို့ထင်တယ်။ နည်းပညာနဲ့ပတ်သက်တဲ့ စီးပွားရေးတွေမှာHardware ပိုင်း ဆိုရင် အဆောက်အအုံ နေရာလိုပေမယ့် ၀က်ဘ်နဲ့ ဆိုင်တဲ့အပိုင်း တွေကျတော့ အင်တာနက်မြန်နှုန်းပိုပြီး ကောင်းမွန်လာဖို့ပဲလိုပါတယ်”ဟု ဆိုသည်။
နိုင်ငံတကာတွင် ဆိုက်ဘာစီးတီးများ ထူထောင်ခြင်းကို စက်ရုံများဖွံဖြိုးလာစေရန်ရည်ရွယ်၍ လုပ်ဆောင် ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ ယင်းအခြေအနေသို့ ရောက်ရှိရန်လိုအပ်မှုရှိနေသေးသည်ဟု ကိုစိုးသီ ဟနောင်က ပြောသည်။
၎င်းက“ မြန်မာနိုင်ငံက ပြည်ပရင်းနှီး မြှုပ်နှံမှုပုံစံကလည်း နောက်ပြန်ဆုတ်ဖို့ လွယ်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ များနေတဲ့အတွက် နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးလာဖို့ လိုအပ်နေသေးတယ်”ဟု ဆိုသည်။
အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထက်မြန်မာပြည်တွင် ရတနာပုံ ဆိုက်ဘာစီးတီးကို ပြင်ဦး လွင်မြို့နယ်၊ ရတနာပုံမြို့သစ်တွင် ၂၀၁၀ ခုနှစ်က တည်ထောင်ခဲ့သည်။
အောက်မြန်မာပြည်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်း၌ နည်းပညာလုပ်ငန်း အများစုနှင့် သင်တန်းများ ဖွင့်လှစ်ထားသည့်MICTDC ကို ၂၀၀၂ ပြည့်နှစ်က တည်ထောင်ခဲ့သည်။
No comments:
Post a Comment