Saturday, July 26, 2014

ရန်ကင်းမြို့နယ်မှ ခေါင်းဖြတ်လူသတ်မှု တရားခံကို သေဒဏ်ချမှတ်

ကျော်စိုးမိုး

ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ရန် ကင်းမြို့နယ်၊ မေတ္တာရိပ်သာလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုအတွက် ကျူးလွန်သူ ချစ်ပို(ခ)ဝေယံဖြိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဖက် တရားသူ ကြီး (၄) ဦးငြိမ်းမြင့်က ဇူလိုင်လ ၂၂ ရက်တွင် သေဒဏ်ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

တရားခံဖြစ်သည့် ချစ်ပို(ခ)ဝေယံဖြိုးသည် သေဆုံးသူမင်းမင်းဦးကို ထိုးကြိတ် ရိုက်နှက်ခဲ့ပြီးမှ အိမ်သို့ပြန်ကာ ဓားယူပြီး ခုတ်သတ်ခဲ့သည့်အတွက် သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ) အရ မသေမချင်း ကြိုးကွင်းစွပ်၍သေဒဏ်ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားသူကြီးဦးငြိမ်းမြင့်က“သေဒဏ်ကျခံရတဲ့အတွက် နေပြည်တော် တရားလွှတ်တော်ရုံးကို အယူခံတင်ခွင့်ရှိပါတယ်။နေပြည်တော် တရားလွှတ်တော်ကနေ အယူခံကို လက်ခံပြီး ဆက်လက်စစ်ဆေးသွားမှာပါ”ဟု ပြောသည်။

အဆိုပါ ခေါင်းဖြတ်လူသတ်မှုကို တရားလိုနှင့် ခံပြသက်သေ ၁၅ ဦးခန့်နှင့် ရုံးချိန်းပေါင်း ၁၇ ကြိမ်ထက် မနည်း စစ်ဆေးခဲ့ပြီးမှ သေဒဏ်အမိန့် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ကိုမင်းမင်းဦး၏ မိခင်ဖြစ်သူက“တရားသူကြီးအနေနဲ့ဒီလို ပြစ်ဒဏ်မျိုးချမှတ်လိုက်တာကို ကျေနပ်ပါတယ်။ နောင်ကို ဒီလိုပြစ်မှုမျိုး မကျူးလွန်ရဲအောင် စံနမူနာပြလိုက်တဲ့ သဘောပါပဲ”ဟု ပြောသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်၊ ည ၁၀ နာရီခွဲခန့်က ရန်ကင်းမြို့နယ်၊ မေတ္တာရိပ်သာလမ်းပေါ်တွင် ပခုံးချင်းတိုက်မိသည်ကို မကျေနပ်၍ ချစ်ပို(ခ)ဝေယံဖြိုးက ကိုမင်းမင်းဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ပြီး လည်ပင်းကို ဓားဖြင့် ခုတ်ကာသတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှု အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်နေ ပြည်သူများက မတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်း တွံတေးမြို့နယ်၊ ကံရွာတွင် နေထိုင်သည့် ဒေါ်စိန်သန်းကို ၎င်းကွမ်းခြံအတွင်း ခေါင်းဖြတ်သတ်ခဲ့သည့် လူသုံးဦးကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ်၍ သေဒဏ်အဖြစ် ယခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

No comments: