Tuesday, July 22, 2014

တစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် နှစ်ဦးသေ၊ ၂၅ ဦးဒဏ်ရာရ

ကျော်စိုးမိုး

ဇူလိုင်လ ၁၅ ရက်၊ တစ်ရက်အတွင်း ရန်ကုန်တိုင်း၌ ယာဉ်မဆင်မခြင် မောင်းနှင်မှု သုံးမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ၊ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ဇူလိုင်လ ၁၅ ရက်၊ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊လမ်း သစ်လမ်းအတိုင်း စော်ဘွားကြီးကုန်းမှ အင်းစိန်ဘက်သို့ ရွှေပြည်သာမြို့နယ်၊ ၅/၈ ရပ်ကွက်တွင် နေထိုင် သည့် အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်း ဦးကိုကိုဇော် မောင်းနှင်လာသည့် ကိုရိုလာဆလွန်းမီးခိုးရောင် အငှားယာဉ်သည် ဆိုင်ကယ်ကို ၀င်တိုက်မိပြီး တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ အဓိပတိအပြာ ခရီး သည်တင်ယာဉ်နှင့် ၀င်တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံး ခဲ့ကာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ အမျိုးသားနှင့် အငှားယာဉ်မောင်းတို့မှာ ဒဏ်ရာများ ရရှိခဲ့ သည်။

ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် လှည်းတန်းလမ်းဆုံ မီးပွိုင့် တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးသည် ကွန်တိန်နာ အတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ ကွန်တိန် နာယာဉ်မောင်းမှာ ကားကိုထား၍ ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လ ၁၅ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဒဂုံတောင်-မြောက် လမ်းဆုံမီးပွိုင့်တွင် ခရီးသည် တင်ဘီအမ် ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာ သည့် ခရီးသည် အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၃ ဦးဒဏ် ရာရရှိခဲ့သည်ဟု ရဲမှတ်တမ်း များတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုပုဒ်မများဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

ပြီးခဲ့သည့် ဇွန်လက ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ယာဉ်တိုက်မှုပေါင်း ၂၃၄ မှုဖြစ်ပွားခဲ့ပြီး ၄၅ ဦး သေ ဆုံးကာ၊ ၃၂၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

No comments: