Wednesday, July 16, 2014

လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးချက်ကို ကိုယ်စားလှယ်က ကန့်ကွက်

ဝင်းကိုကိုလတ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလွှတ်တော်တွင်း မေးခွန်းများမေးမြန်းရာ၌ မူလအကြောင်းအရာတွင် မပါသည့်အကြောင်းအရာကို မေးမြန်းသည်ဟုဆိုကာ မေးခွန်းရှင်ကိုယ်စားလှယ်အား သတိပေးခြင်းကို ယင်းကိုယ်စားလှယ်က ကန့်ကွက်မှုတစ်ရပ် ယနေ့ပြည်သူ့လွှတ်တော်တွင် ဖြစ်ပွားခဲ့သည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက တရားစီရင်ရေးမဏ္ဍိုင်၏ အမြင့်ဆုံးတရားရုံးမှ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က အကောင်အထည်မဖော်ဘဲ အသင်း၏အမှုဆောင် အဖွဲ့ဝင်များကို ခေါ်ယူဖိအားပေးကာ တလွဲအကောင်အထည်ဖော်ရန် ပြုမူခြင်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်ရာရောက်၊ မရောက်သိလိုသည်ဟု မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ မေးခွန်း၌ မန္တလေး၌ဖြစ်ပွားခဲ့သော အမှုတစ်ခုကိုရည်ညွန်း၍ “ဥက္ကဋ္ဌကြီးရဲ့နာမည်ကို အလွဲသုံးစားလုပ်မှုလို့ ကျွန်တော်ယူဆတဲ့ ကိစ္စတစ်ခုကတော့၊ ဆဋ္ဌမအကြိမ်၊ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေး ကျင်းပစဉ် အလုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီကိစ္စနှင့် ပတ်သက်သည့် မေးခွန်းမေးမြန်းခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မတိုင်မီ တစ်ရက် ညနေပိုင်းက ဒေါ်နန်းခမ်းစိန်မိသားစုဝင်တစ်ဦးက အဲဒီမြေကို တစ်စိတ်တစ်ပိုင်း ၀ယ်ယူထားသည့် ဦးကျန်းမင်အန်းတို့ နေအိမ်ကို ရောက်ရှိလာပြီး “ဦးရွှေမန်းက မင်းတို့ကို နောက်ထပ်နှစ် ၅၀ အဆီးအတားမရှိ နေခွင့်ပြုလိမ့်မယ်”ဟူသည့် သတင်းစကားကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်”ဟု ပါရှိခဲ့သည်။

အမှုမှာ ၁၉၉၁ ခုနှစ်က မန္တလေးတိုင်း၊ ၃၅ လမ်းပေါ်ရှိ မြေကွက်တစ်ကွက်ကို ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းနှင့် ဒေါ်နန်းခမ်းစိန်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်က ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုတ ရားလွှတ်တော်ချုပ်ကမသိရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၁၁(က)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဖောက်ဖျက်ရာရောက်၊မရောက်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့တင်ပြအဆုံး အဖြတ်ခံရန် အကြောင်းမရှိကြောင်း ဖြေကြားခဲ့သည်။

အလုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခိုင်မောင်ရည်က “ကျွန်တော့် အနေနဲ့ ဥက္ကဋ္ဌကြီးရဲ့ အမည်ကို အလွဲသုံး စားလုပ်တယ်ဆိုတာရယ်၊ ကျွန်တော့်ရဲ့ အမည်တပ်ပြီးပြောတာရယ် အမည်နာမတွေ တပ်ပြီးတော့ တိကျခိုင်လုံမှု မရှိတဲ့ စွပ်စွဲချက်ကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ပါတယ်” ဟုဆိုကာ ဦးရဲထွန်း၏ မေးမြန်းချက်အချို့ကို ကန့်ကွက်ခဲ့သည်။

ဦးရဲထွန်းကလည်း ၎င်းပြောဆိုခဲ့သည့် အကြောင်းအရာများသည် စာရွက်စာတမ်းများဖြင့် တိတိကျကျ ပြောဆိုခြင်းဖြစ်ပြီး ဦးခိုင်မောင်ရည်အား ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိကြောင်း ပြန်လည်ရှင်းလင်းသည်။

၎င်းက “အဓိကဥက္ကဋ္ဌကြီးက ဒီစကားကို ပြောခဲ့မိခြင်း ရှိ၊မရှိပြောတာဟာ ဦးခိုင်မောင်ရည်ကို စွပ်စွဲတာမဟုတ်ဘဲ ဥက္ကဋ္ဌကြီးက ပြောကြားခဲ့ခြင်းရှိ၊ မရှိမေးမြန်းခဲ့တာသာဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မူလမေးခွန်းတင်စဉ်က ဦးရွှေမန်း အဖြေပေးပါဟု မပါသည့်အ တွက်ထိုကဲ့သို့ မေးခွန်းအတွက် ပြန်လည်သုံးသပ်သင့်သည်ဟု လွှတ်တော်သို့ပြောကြားခဲ့သည်။

၎င်းက“နောင်လွှတ်တော်တွင်းမှာ မေးခွန်းများမေးတဲ့အခါမှာ မူလမေးထားတဲ့ အကြောင်းအရာမှတစ်ပါး အခြားအကြောင်းအရာကို မမေးဖို့လွှတ်တော်ကို သတိပေးကြေညာပါတယ်” ဟု ဦးရဲထွန်းအား သတိပေးခဲ့သည်။

ဦးရဲထွန်းကလည်း လွှတ်တော်ဥပဒေအရမေးမြန်းဖို့တင်ထားသည့်ထဲမှာမပါသည့်အရာကို ထပ်ဆင့်မေးခွန်း မမေးမြန်းရဟု မပါကြောင်း၊ ဥက္ကဋ္ဌသူရဦးရွှေမန်း၏ ဂုဏ်သိက္ခာထိခိုက်မည်စိုးသည့်အတွက် လွှတ်တော်မှတစ်ဆင့် ပြည်သူကို အသိပေးပြောကြားရန် မေးမြန်းခြင်းဖြစ်ကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို တုံ့ပြန်ခဲ့သည်။

၎င်းက “ဒါကြောင့် ဥက္ကဋ္ဌကြီးက ကျွန်တော်မေးတဲ့ မေးခွန်းကို ရည်ရွယ်ပြီးတော့ ကန့်ကွက်တယ်ဆိုရင် ကျွန်တော် ကန့်ကွက်ပါတယ်”ဟု ပြောသည်။

No comments: