ယုဝေ
ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ်မှ သတင်းထောက်လေးဦးက တိုင်းတရားလွှတ်တော်ရုံးက အယူခံ လက်ခံလိုက်ပြီဟု အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၂၁ ရက်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ အယူခံဝင်ရန် လျှောက်ထားချက် တင်ပြခဲ့ပြီး ထိုနေ့မှာပင် တိုင်းတရားသူကြီးမှ အယူခံကို တိုက်ရိုက်လက်ခံလိုက်ခြင်းဖြစ်သည်။
ယူနတီဂျာနယ်မှ သတင်းထောက်လေးဦးအပါအဝင် အမှုဆောင်အရာရှိချုပ်တို့အား ပခုက္ကူမြို့နယ် တရားရုံးမှ ဇူလိုင်လ ၁ဝ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သည့်အတွက် သတင်းထောက်လေးဦးအတွက် ၎င်းတို့၏ အကျိုးတော်ဆောင်ရှေ့နေက အယူခံဝင်ခဲ့ခြင်းဖြစ်သည်။
“မကွေးတိုင်း တရားလွတ်တော်ရုံးမှာ တင်လိုက်ပါပြီ။ တရားသူကြီးရှေ့မှာ လက်ခံမလား။ လက်မခံဘူးလား ဆိုတာတော့ မသိရသေးပါဘူး။ တိုက်ရိုက်လက်ခံလိုက်မယ် ဆိုရင် အပြီးသတ် ကြားနာဖို့ ရုံးချိန်းကို စောင့်ဆိုင်းရမယ်။ တိုက်ရိုက်လက်မခံရင် သီးခြားလျှောက်လဲချက်ပေးရမှာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။
ယူနတီဂျာနယ်၏ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလ ၂၅ရက်ထုတ် အတွဲ(၃)အမှတ်(၄)တွင် ဖော်ပြခဲ့သည့် အ မှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတုစက်ရုံဟု ဓါတ်ပုံနှင့်တကွ သတင်းရေးသား ဖော်ပြခဲ့သည့် သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ပေါက်မြို့နယ် ရဲစခန်းသို့ တရားလိုပြု တိုင်ကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ် တရားရုံးတွင် ၁၉၂၃ခုနှစ် နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေ ပုဒ်မ-၃(၁)(က)/၉ဖြင့် ဇူလိုင် ၁ဝရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ဝနှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
No comments:
Post a Comment