ဟိန်းကိုစိုး
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာများအားအရေးယူနေသည့်ကိစ္စအပေါ် ရှင်းလင်းဖော်ပြရန် သ၀ဏ်လွှာပေးပို့အပြီး တစ်ရက်အကြာ ဇူလိုင် ၂၄ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မသက်ဆိုင်သည်ကို ရှင်းလင်းစွာ ရှုမြင်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတရုံးက ပြန်လည်တုံ့ပြန်လိုက်သည်။
“မီဒီယာတွေနဲ့ပတ်သက်ပြီး လွှတ်တော်ပို့တဲ့ သ၀ဏ်လွှာကို ဒီနေ့ ပြန်ပို့ လိုက်ပါပြီ”ဟု သမ္မတရုံး အကြီးတန်းအရာရှိက ပြောသည်။ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ဘဲ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည့် ဆိုလိုရင်းများ အတိုင်းသာဟု ဆိုသည်။
Hmuu Zaw အမည်ဖြင့် အသုံးပြုနေသည့် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “နိုင်ငံတော်သမ္မတရုံးမှ အဆိုပါကိစ္စသည် တရားစီရင်ရေးမဏ္ဍိုင်၏ အခွင့်အဏာဖြစ်သဖြင့် အုပ်ချုပ်ရေးနှင့် မသက်ဆိုင်သည်ကို ရှင်းလင်းစွာ ရှုမြင်ရန် လိုကြောင်း ပြန်လည်တုံ့ပြန် ပြောခဲ့သည်”ဟု ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်ကမူ တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးသြဇာမှ လွတ်ကင်းစွာ ရပ်တည်နိုင်မှုကို မေးခွန်းထုတ်ရန်ရှိသည်ဟု ပြောသည်။
“လက်ရှိ အခြေအနေတွေအပေါ် တစ်စုံတစ်ရာနားလည်မှုရှိတဲ့အကြောင်း အရာကို တုံ့ပြန်မယ်ဆိုရင် ဒါအပြုသဘော ဆောင်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ အခုဟာက တာဝန်မဲ့တယ်လို့ ပြောတာထက် ရှောင်ချင်တယ်လို့ပဲ ပြောချင်တယ်”ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူးလည်းဖြစ်သူ ၎င်းက သုံးသပ်သည်။
ဇူလိုင်လအတွင်း ဓာတုလျှို့ဝှက်စက်ရုံဟု သတင်းရေးသားသည့် ယူနတီသတင်းထောက်နှင့် တာဝန်ရှိသူတို့ကို ထောင် ၁၀နှစ်စီ ပြစ်ဒဏ်ချခြင်း၊ ကြားဖြတ်အစိုးရတင်မြှောက်ဟု သတင်းရေးသားသည့် Bi မွန်းတည့်နေ သတင်းထောက်နှင့် တာဝန်ရှိသူတို့ကို နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်သည့် အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းတို့လည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
No comments:
Post a Comment