ဦးမြာ
ရှမ်းပြည်နယ် တောင်ပိုင်း ကယားလူမျိုးစုများနေထိုင်ရာ အနီးတဝိုက်ရှိ လယ်များထဲ၌ ဂဏန်းကောင်များအုပ်စုလိုက် စပါးပင်များကိုကိုက်ဖြတ် ဖျက်ဆီးနေသည်ကို တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က မိုးဗြဲနယ်ဘက်ရှိ ဒေါပေါ်ကူးကျေးရွာသို့သွားခဲ့စဉ်က မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
လယ်ကဇင်းပေါ်မှာ အစုလိုက်အပြုံလိုက် အသတ်ခံထားရသည့် ဂဏန်းများ အစုလိုက်အပြုံလိုက် ရှိနေသော်လည်း လယ်ကွင်းထဲရှိ စပါးပင်များဆက်လက် ကိုက်ဖြတ်ဖျက်ဆီးခြင်းကို ခံနေရဆဲရှိသည်။ ထိုမြင်ကွင်းသည် လယ်သမားတို့အတွက် ဒေါသထွက်စရာဖြစ်သလို စိတ်ဓါတ်ကျစရာလည်းဖြစ်သည်။
ဂဏန်းများကို အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံပြီး ရှင်းလင်းခဲ့သည့် ဒေါပေါ်ကူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှကြည်က ယခုလိုပြောသည်။
“ကျတော်တို့ သတ်ပေမဲ့ မရတော့ လက်မြောက်လိုက်ပြီ။ မတတ်နိုင်တော့ဘူး။ စိတ်ဓါတ်လည်း ကျကုန်ပြီလေ။ ဒီတိုင်းဘဲထားလိုက်တော့မယ်။ ကျတော်တို့ပြန်စိုက်ရင်လည်း ဘာအကျိုးမှမရှိတော့ဘူးလေ။ ဒါကြောင့် ဒီတိုင်းဘဲထားလိုက်တယ်။ သတ်ပြီးရင်လည်း ပြန်ပေါ်လာတယ်။ ဘယ်ကလာတာလည်းတော့ မသိဘူးလေ။ ကျတော်လယ်တော့ ၃ခါတောင်ပြန်စိုက်တယ်။ ဘာမှမထူးဘူး”
ဂဏန်းကောင်များကို တောင်သူများက ပိုးသတ်ဆေးတမျိုးအသုံးပြုပြီး ဖြန်းသတ်ကြသည်။ ဂဏန်များမှာ ပိုးသတ်ဆေးကြောင့် သေကျေကြသော်လည်း လေးငါးရက်ကြာသောအခါ လယ်ကွင်းထဲ၌ ဂဏန်းကောင်များတဖန် ပြန်ပေါ်လာသည်။ ဂဏန်းကောင်များ ရေထဲကနေ ပါလာသလား သို့မဟုတ် မြေကြီးထဲမှ ထွက်လာသလားဆိုသည်ကို တောင်သူများ နားမလည်နိုင်ပဲ ဖြစ်နေသည်။
“ဒီဂဏန်းတွေကို ဆေးဖြန်းတာတွေ ၂ ခါလောက်လုပ်တယ်။ တစ်ရက်နှစ်ရက်လောက်နေရင် ပြန်လာတာဘဲ။ ဘာမှမထူးဘူးလေ။ ကျတော်တို့ဆေးဝယ်တာ တစ်ကဒ်ကို(ကျပ်ငွေ) ၇၀၀၀ တောင် ပေးရတယ်။ ဒါပေမဲ့ ဘာမှမထူးဘူး”ဟု တောင်သူ ခူးဘူးရယ်ကပြောသည်။
ဂဏန်းကောင်များ၏ ဖျက်ဆီးမှုကြောင့် စပါးများကို သုံးကြိမ်တိုင်တိုင် ပြန်လည်စိုက်ပျိုးခဲ့ကြရသည့်အပြင် တခြား အစားထိုးသီးနှံ စိုက်ပျိုးစမ်းသပ်ကြည့်သော်လည်း ထူးခြားမှုမရှိဘဲ ဂဏန်းကောင်များ၏ ဖျက်ဆီးမှုကို ဆက်ခံနေကြရသည်။
၂၀၁၁ ခုနှစ်က ရေကြီးမှုဖြစ်ပြီးနောက်ပိုင်း ဂဏန်းကောင်ပိုများလာခဲ့ပြီး ယခင်နှစ်ကမှု ဂဏန်းကောင်များသည် မြက်ပင်များကိုသာ ကိုက်ဖြတ်ခဲ့ကြတာဖြစ်သည်။ ယခုနှစ်မှပင်စ၍ စပါးပင်များကို စတင်ဖျက်ဆီးနေခြင်းဖြစ်သည်ဟု တောင်သူများကဆိုသည်။
ဒေါပေါ်ကူးကျေးရွာတရွာတည်းမကဘဲ တခြားသောရွာများပါ ခန့်မှန်းခြေ စုစုပေါင်း လယ်စပါးဧက တထောင်ကျော် ဖျက်ဆီးခံနေ ရသည်ဟု ဒေါပေါ်ကူးရွာမှ တောင်သူတို့၏ပြောပြချက်အရသိရသည်။
“ဂဏန်းတွေဖျက်တာ ဧက တစ်ထောင်ကျော်လောက်ရှိမှာပေါ့။ ကျတော်တို့ တစ်ရွာထဲမဟုတ်ဘူးလေ။ ဘေးရွာတွေလည်းပါတာပေါ့။ ၆ရွာလောက်ရှိမှာပေါ့”ဟု ခူးဦးရယ်က ပြောသည်။
ဂဏန်းကောင်များဖျက်ဆီးမှုကြောင့် စပါးထွက်နှုန်း တဧကကို တင်း ၂၀ ခန့် ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ယခင်နှစ် စပါးဖျက်ပိုးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးပညာများ နည်းပညာများ သက်ဆိုင်ရာမှ လာရောက်ပို့ချခဲ့ဖူးသည်။
ယခုနှစ်တွင် လာရောက်ပို့ချမှုမရှိသေးသဖြင့် ဂဏန်းကောင်နှင့်ပတ်သက်ပြီး ဝိုင်းဝန်းနှိမ်နှင်းပေးရန် တောင်သူများက သက်ဆိုင်ရာဌာနပညာရှင်များထံမှ နည်းစနစ်များကို မျှော်လင့်လျက်ရှိကြောင်း တောင်သူများကဆိုသည်။
ရှမ်းပြည်တောင်ပိုင်း ကယားလူမျိုးများနေထိုင်သည့် ကျေးရွာဘက်တွင်ယခုလို တောင်သူများ၏ စပါးပင်များကို ဂဏန်းများ ဖျက်ဆီးခြင်းကိုခံနေချိန် ကယားပြည်နယ်တွင်းရှိ တောင်သူများမှာ လယ်ယာမြေသိမ်းဆည်းခံရသည့်အတွက် စိုက်ပျိုးစားသောက်စရာ လယ်ယာမြေမရှိသည့် အခက်အခဲနှင့်လည်းရင်ဆိုင်နေရသည်ကို တွေ့ရှိရသည်။

No comments:
Post a Comment