Wednesday, July 16, 2014

ပဋိပက္ခဖြစ်စဉ်အတွင်း ခိုက်ရန်ဖြစ်ရာ၌ ပါဝင်သည်ဟု ယူဆရသူ ကိုးဦးကို ဖမ်းဆီးခဲ့ပြီး ငါးဦး ပြန်လွှတ်ပေးခဲ့

မျိုးသန့်

မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အတွင်း ခိုက်ရန်ဖြစ်သည့်အထဲတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် အစ္စလာမ်ဘာသာဝင် ကိုးဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ငါးဦး ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

“ပဋိပက္ခဖြစ်စဉ်အတွင်း လူတစ်ဦးကို ရိုက်နှက်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိသူကိုးဦးကို ခေါ်ယူစစ်ဆေးခဲ့တာပါ။ ဖြစ်စဉ်နဲ့ မဆိုင်တဲ့သူ ငါးဦးကို ဇူလိုင် ၁၃ ရက် မနက်က လွှတ်ပေးလိုက်ပါပြီ။ ကျန်လေးဦးကိုတော့ ဆက်လက်စစ်ဆေးမှုပြုလုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့က သံသယရှိသူများကို ဇူလိုင် ၁၂ရက် ည ၇ နာရီခန့်က ၃၄ လမ်း၊ ၇၄-၇၅ လမ်း ကြားရှိ ဖလံဗိုလ်ဝင်းတွင် ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ အဆိုပါ ရပ်ကွက်ရှိ ပြည်သူများက ခေါ်ဆောင်သွားသော မောရဂီဝါအုပ်ချုပ်ရေးမှူးရုံးသို့သွားကာ ထိုသူကို ပြန်လည်လွှတ်ပေးရန် ပြောဆိုရာမှ လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် သေနတ်ပစ်ဖောက်ခဲ့သည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ပြောကြားမှုများရှိသော်လည်း မန္တလေးတိုင်းရဲ တပ်ဖွဲ့မှူးရုံးက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီသတင်းနှင့် ပြန်ကြားရေးမှ ဆရာမင်းထက်ငြိမ်းချမ်းက “အရပ်ဝတ်နဲ့ ဖမ်းတာ။ လူငယ်တွေ ၀ါဖြေနေတဲ့အချိန်မှာ ဖမ်းတာစသဖြင့် ပြောနေကြသံတွေ ရှိတယ်။ အခုက ပြည်သူတွေမှာ စိုးရိမ်စိတ်ဝင်နေတဲ့အချိန်မှာ ဖမ်းဆီးမှုကို ညင်သာစေချင်ပါတယ်။ ရဲလုပ်ငန်းစဉ်အရ အဖြူ အမည်းမခွဲဘဲ အရေးယူမှုတွေ လုပ်ရမှာပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေဆိုရင်လည်း လူငယ်ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်တာမျိုး လုပ်သင့်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိဖြစ်စဉ်များနှင့်ပတ်သက်ကာ သတင်းများကို ပြည်သူမျာားသိရှိစေရန် သက်ဆိုင်ရာဌာနများက အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးထုတ်ပြန်ပေးစေလိုကြောင်း၊ ရဲလုပ်ငန်းစဉ်အရ ထုတ်ပြန်ပေးရန် မလွယ်သည့် ဖြစ်စဉ်များရှိသည်မှာ မှန်သော်လည်း အတတ်နိုင်ဆုံးပြည်သူများသိရှိစေရန် မီဒီယာများကတစ်ဆင့် အသိပေးစေလိုကြောင်းနှင့် ပြည်သူများ စိုးရိမ်စိတ်ဝင်နေသည့် ကာလဖြစ်သောကြောင့်ဖမ်းဆီးမှုများကို လုပ်ဆောင်လျှင် ညင်သာသော နည်းလမ်းများဖြင့် အသုံးပြုစေလိုကြောင်း အဆိုပါ ကော်မတီက သတင်းနှင့် ပြန်ကြားရေးက ပြောသည်။

ဇူလိုင်လ၂ရက်၊ ညပိုင်းက ၇၅လမ်း၊ ၃၄-၃၅လမ်းကြားတွင် ကျော်ဇင်ဝင်းဆိုသူကိုလူအုပ်စုတစ်စုက ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်ဟုဆိုကာ အမှတ် (၈) ရဲစခန်းတွင် ပုဒ်မ ၃၂၅၊ ၃၂၆ တို့ဖြင့် အမှုဖွင့်ထားရှိသည်။ ဖမ်းဆီးထားသူ လေးဦးကို အမှတ် (၈) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ဇူလိုင် ၂၅ ရက်တွင် ရုံး ထုတ်သွားမည်ဟု သိရသည်။

No comments: