ကျော်စိုးမိုး
ရပ်ထားသော ကားအောက်တွင် လူတစ်ဦး အိပ်ပျော်နေစဉ် ကားနောက်ဆုတ်ရာမှ နောက်ဘီးနှင့်ကြိတ်မိကာ ပွဲချင်းပြီး သေဆုံးခဲ့သောဖြစ်စဉ်တစ်ခု ဇူလိုင် ၂ ရက်၊ ည ၁၀ နာရီဝန်းကျင်ခန့်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူမှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့ နယ်၊ ဆယ်ရွာစင်မြင့်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ပန်းရန်လုပ်သား ဦးဇော်လင်းဆိုသူဖြစ်ပြီး ၎င်းသည် ဘုရင့်နောင်ပွဲရုံဝင်း၊ ကျွန်းရွှေဝါလမ်းရှိ မြန်မာ့ဆက်သွယ်ရေးရုံးရှေ့တွင် ရပ်ထားသည့် ကင်တာထရပ်အငှားယာဉ်အောက်တွင် အိပ်နေခဲ့သည်။
ထိုသို့အိပ်ပျော်နေစဉ်တွင် အငှားယာဉ်၏ ယာဉ်မောင်းဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အောင်သပြေရပ်နေ အသက် ၄၅ နှစ်အရွယ် ဦးခင်ဝင်းသည် ကားကို နောက်ဆုတ်ပြီး မောင်းထွက်သဖြင့် ဦးဇော်လင်းကို ကားနောက်ဘီးဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြိတ်မိခဲ့သဖြင့် ဦးဇော်လင်းတွင် ဦးခေါင်းငယ်ထိပ် စုတ်ပြဲဒဏ်ရာ၊ ၀ဲလက် ခုံစုတ်ပြဲဒဏ်ရာများရ ရှိကာ ပွဲချင်းပြီး သေ ဆုံးခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးခင်ဝင်းကို အရေးယူပေးပါရန် ရဲအုပ် မျိုးဆွေဦးက တရားလိုပြုတိုင်တန်းပြီး ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၃၃/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment