Wednesday, July 16, 2014

အန္တရာယ်ရှိ ဓာတ်ကြိုးအားလုံး လဲပေးမည်ဟု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ ကတိပေး

လပြည့်ဝန်း၊ မင်းမင်း၊ ကေဇူး

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်လိုက်မှုများကြောင့် သေဆုံးမှုများလာသဖြင့် အဆိုပါဓာတ်ကြိုးများကို ကြိုးအသစ်လဲ၍ ပြန်လည်ပြုပြင်ပေးသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတိုးအောင်က ဇူလိုင် ၁၄ တွင် မဇ္ဈိမကို ပြောသည်။

“ပြတ်နိုင်တဲ့ ကြိုးတွေ၊ ပြတ်ဖူးတဲ့ ကြိုးတွေအားလုံးကို လဲဖို့ ကြိုးစားနေတယ်။ အန္တရာယ်ရှိ ကြိုးအားလုံးကို လဲမယ်။သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ် မတော်တဆမှုကြောင့်ပဲဖြစ်ဖြစ် ဓာတ်ကြိုးပြတ်ကျရင် ဌာနက ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် တာဝန်ယူပေးမယ်”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်လအတွင်း ရန်ကုန်တိုင်းအတွင်း၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့သည်။

“လူတွေက မိုးလေးနည်းနည်းရွာတာနဲ့ ဓာတ်လိုက်မယ့် အန္တရာယ်ကို စိုးရိမ်နေကြရတယ်။ ဓာတ်ကြိုး ပြတ်ကျပြီး သေတယ်ဆိုတာ မသေသင့်ဘဲ သေတာပေါ့။ ဒါတွေက မဖြစ်သင့်ဘူး။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး တိတိကျကျတာဝန်ခံမှု တာဝန်ယူမှု မရှိဘူး”ဟု ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်သန္တာက ပြောသည်။

ဓာတ်လိုက်မှု ဖြစ်စဉ်လျော့ပါးရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်မှစ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး တာဝန်ရှိသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒု-၀န်ကြီးတို့က ဇူလိုင် ၁၃ ရက်တွင် ဓာတ်ကြိုးပြတ်ကျမှု မရှိစေရေးအတွက် လိုက်နာရမည့်အချက်များကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးတွင် ပြောကြားခဲ့သည်။

“ကားဂိတ်တွေ ဈေးတွေမှာကြာကြာ ရပ်ဖို့တောင် လန့်လာတယ်၊ နေရတာ လုံခြုံ မှုမရှိသလို ခံစားရတယ်” ဟု အင်းစိန်မြို့နယ်မှ ဒေါ်ခင်ခင်မြင့်က ပြောသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းအတွင်းရှိ သက်တမ်းလွန် ဓာတ်ကြိုးများ လဲလှယ်ပေးရန် တိုင်းလွှတ်တော်တွင် အရေးဆိုသွားမည်ဟု မဇ္ဈိမကို ပြောသည်။ ဘဏ္ဍာနှစ်တစ်ခုအတွင်း အရေးပေါ်သုံးစွဲရန် ဘဏ္ဍာရန်ပုံ ငွေထားရှိသော်လည်း ယခုကဲ့သို့ ပြည်သူများ ထိတ်လန့်နေရသည့် ဟောင်းနွမ်းဓာတ်ကြိုးများ လဲလှယ်သည့် နေရာတွင် သုံးစွဲခြင်းမရှိသည်ကိုလည်း ၎င်းက ဝေဖန်လိုက်သေးသည်။

“အဲဒီရန်ပုံငွေတွေကို ဘာကြောင့်ဒီလိုမျိုးလျှပ်စစ်မီးကြိုး လဲလှယ်တဲ့နေရာတွေမှာ မသုံးသလဲ။ နိုင်ငံခြားက ထောက်ပံ့ငွေတွေ၊ ချေးထားတာတွေလည်း လျှပ်စစ်က အများကြီး ယူထားတယ်လေ”ဟု ၎င်းက ဆိုသည်။

ဇွန်လ ၃၀ ရက်တွင်လည်း မြောက်ဥက္ကလာပမြို့နယ်၊ ပတ္တမြားလမ်းရှိ ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် လှိုင်သာယာမြို့နယ်၊ ၁၅ ဈေးတွင် ဇူလိုင် ၁၁ ရက်က ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။ ဇူလိုင် ဒုတိယပတ်အထိ ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှု ခြောက်ခုထိရှိနေပြီဖြစ်သည်။

No comments: