Wednesday, July 2, 2014

ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကို အွန်လိုင်းမှ တစ်ဆင့် ရောင်းချမှုရှိလာ

သိမ့်သဉ္ဇာဇင်

ပြည်တွင်း လေကြောင်းလိုင်းများက ပြည်တွင်းပြည်ပခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ရောင်းချရာတွင် Credit Card သို့မဟုတ် Debit Card အမျိုးအစားတစ်ခုခုကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးလျက်ရှိသည်ဟု AsianWings လေကြောင်းလိုင်း၏ မန်းနေးဂျင်းဒါရိုက်တာ ဦးလွင်မိုးက ဇူလိုင်လ ၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။

AsianWings လေကြောင်းလိုင်းသည် Business to Consumer (B2C) Ecommerce Model ဖြင့် လေယာဉ်လက်မှတ်များရောင်းချပေးလျက်ရှိပြီး ယင်းစနစ်အရ တစ်ကမ္ဘာလုံးမှ ခရီးသည်များသည် အင်တာ နက်ကို အသုံးပြု၍ Asian Wings လေကြောင်းလိုင်းတွင် Booking တင်ကာ ငွေပေးချေ၍ e-Ticketing ကို လက်ငင်း ရယူနိုင်မည်ဖြစ်သည်ဟု ဦးလွင်မိုးကရှင်းပြသည်။ Credit/Debit Card လက်ဝယ်မရှိသူများ သည်လည်း Booking သာတင်၍ လက်မှတ်များကို Agent များနှင့် လေယာဉ်ရုံးများတွင် ငွေပေးချေကာ လက်မှတ်ထုတ်ယူနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ Asian Wings လေကြောင်းလိုင်း အနေနဲ့ ဇူလိုင်လ ၁ ရက်ကစပြီး Online Reservation နဲ့ e-Ticketing System ကို Asian Wings လေကြောင်းရဲ့ အွန်လိုင်းဝက်ဘ်ဆိုက်ဒ်ကနေInternet Booking Engine ကိုအသုံးပြုပြီး တိုက်ရိုက်ရောင်းချ သွားပေးသွားမှာပါ။ ဇူလိုင်လတစ်လကို စမ်းသပ်ကာလအဖြစ် သတ် မှတ်ပြီး ရောင်းချပေးမှာပါ။ စမ်းသပ်ကာလမှာ လူနဲ့စက်တွေရဲ့ အားနည်းချက်တွေပေါ်လာရင် စောင့်ကြည့် ထိန်းသိမ်းပေးသွားမှာပါ။ သြဂုတ်လကစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးသွားဖို့ ရှိပါတယ် ” ဟု ဦးလွင်မိုးက ပြောသည်။

အွန်လိုင်းစနစ်ဖြင့် လေယာဉ်လက်မှတ်ရောင်းချခြင်းကို ၂၀၀၉ ခုနှစ်မှ စတင် ကျင့်သုံးခဲ့သော MAI လေ ကြောင်းမှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက “ MAI လေယာဉ်လက်မှတ်ကတော့ MAI ၀က်ဘ် ဆိုက်မှာ Visa Card ဒါမှမဟုတ် Master Card နဲ့ဝယ်လို့ရတယ်။ ဈေးလည်းပိုသက်သာတယ်။ ဈေးကွတ် ကတော့ Word-wide market ကိုအဓိကထားရောင်း နေရတယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသား တွေလည်းဝယ်ကြတယ်။ ဒါပေမဲ့ ပြည်တွင်းမှာကျတော့ Master Card ရှိတဲ့သူနည်းတဲ့အတွက် နိုင်ငံခြား သားတွေကိုပဲပို ရောင်းရတယ် ” ဟု မဇ်္ဈိမကို ပြောသည်။

No comments: